Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အရှေ့ဖွားစောကျေးရွာ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်မှု ကြည့်ရှုစစ်ဆေး


19 Jun,2024

နေပြည်တော် ဇွန် ၁၉

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရေကန်များနှင့် အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေး လမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြုပြင်ဖောက်လုပ်ပေးမည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါလုပ်ငန်းဆောင်ရွက်နေသော ကျေးရွာတွင်း လမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ကျေးရွာတစ်ရွာဖြစ်သော အရှေ့ဖွားစောကျေးရွာ အဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်း အကျယ် ၁၈ ပေ၊ အရှည် ၁ မိုင် ၂.၃ ဖာလုံကို ပြုပြင်ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယဉ်ကျေးမှုအမွေအနှစ် များအပေါ် ထိခိုက်သက်ရောက်မှုဆန်းစစ်ချက် (HIA) နှင့်အညီ ကျေးရွာတွင်းလမ်းများကို သတ်မှတ် လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လမ်းပိုင်း၏ အချို့နေရာများတွင် သတ် မှတ်အကျယ်ရရှိရေး ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားသည်။ အဆိုပါလမ်းဖောက်လုပ်မှုတွင် ပေ ၅၀ အရှည် ရေကျော်တစ်စင်း၊ ပေ ၈၀ အရှည် ရေကျော်တစ်စင်း၊ ပေ ၁၅၀ အရှည် ရေကျော်တစ်စင်း တို့ကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လမ်းများအတွက် လိုအပ်သော ဂျင်းကျောက် များကို ပုဂံ ညောင်ဦးမြို့နှင့် ၁၂ မိုင်အကွာရှိ မြေသင်းတွင်းကျေးရွာ၊ တောင်ဘကွင်းမှ သယ်ယူ ဆောင်ရွက် သွားမည်ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ (Smart Village) အဖြစ် ဆောင်ရွက်ပေးထားသော မြင်းကပါကျေးရွာ၌ ရွာတွင်းလမ်းများ ဖောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 အဆိုပါရွာတွင်းလမ်းများအနက် (၇) ဖာလုံနှင့် Slab Culvert ၁၀ စင်းကို စံပြကျေးရွာ (Smart Village) အတွက် လျာထားသော ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီအောင် ဆောင်ရွက်ရေး၊ ကျန်လမ်းပိုင်း ၂ မိုင် သုညဒဿမ ၅ ဖာလုံအား  ဆက်လက်ဆောင်ရွက်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားသည်။ အဆိုပါမြင်းကပါကျေးရွာတွင်းလမ်းများကို ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် ရပ်ကွက် (၆) ခု၊ အိမ်ခြေ ၁၁၅၁ အိမ်၊ လူဦးရေ ၅၂၆၃ ဦးကို အကျိုးပြုမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းကိုလည်း များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာ အဝင်လမ်း ၁ မိုင် ၄ ဖာလုံ ဖောက်လုပ်ပေးရန် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိုလမ်းပေါ်တွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော အရှည်ပေ (၆၀) အကျယ်ပေ (၂၀) ရေကျော်အမှတ် (၁) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဆက်လက်ပြုပြင်ဆောင်ရွက်ပေးရမည့် မင်းနန်သူကျေးရွာ အဝင်လမ်းနှင့် ရွာတွင်းလမ်းများကိုလည်းကောင်း၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်းကိုလည်းကောင်း၊ အနောက်ဖွားစောကျေးရွာ အဝင်လမ်းကိုလည်းကောင်း၊ တောင်ဘီကျေးရွာတွင်းလမ်းများကိုလည်း ကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကုန်းတန်းကြီးကျေးရွာ အဝင်လမ်း ၁ မိုင် (၄) ဖာလုံအနက် (၄)ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောင်ခွင်ကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျေးရွာအဝင်လမ်း အရှည် ၃ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်သို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝသော ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ယွန်းထည်လုပ်ငန်းအဆင့်ဆင့်ထုတ်လုပ်ပုံကို လက်တွေ့သရုပ်ပြသည့် နည်းစဉ် ခန်းမနှင့် စာပေပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ယွန်ပညာကောလိပ်(ပုဂံ)နှင့် မန္တလေးမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းတို့မှ သင်တန်းနည်းပြ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား နေပြည်တော်သို့ လေ့လာရေးခရီး ခေါ်ယူ၍ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဖူးမျှော်ရန်၊ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှု လေ့လာရန်၊ ၂၀၂၄ ခုနှစ် ပညာရေးညီလာခံ ကျင်းပနေမှုကို လေ့လာကြည့်ရှုရန်  စီစဉ်ဆောင်ရွက်ပေးထားကြောင်း လည်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm