မိတ္ထီလာမြို့နယ် ခင်သာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး
မိတ္ထီလာ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မိတ္ထီလာမြို့နယ် ခင်တဲကျေးရွာအုပ်စု၊ ခင်သာကျေးရွာ၌ ဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ခင်သာကျေးရွာ၌ ဌာနပိုင်တွင်းတူးစက်ကြီးဖြင့် အကျယ် လေးလက်မ အနက်ပေ ၃၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ခင်သာကျေးရွာ သောက်သုံးရေရရှိရေး အကျယ် လေးလက်မ အနက်ပေ ၃၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ လျှပ်စစ် မီးလိုင်း ၁၃၅၀ ပေသွယ်တန်းခြင်း၊ အိမ်သုံးမီတာတပ်ဆင်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၉ ဒသမ ၈၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ ၁၀၅ အိမ်၊ လူ ၄၉၅ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မှာဖြစ်ကြောင်း မိတ္ထီလာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှသိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်