Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားများ ကျင်းပ


17 Jun,2024

နေပြည်တော် ဇွန် ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် ချီးမြှင့်သောထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများ၊ စီမံကိန်းလုပ်ငန်းများ အလိုက် ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ သင်တန်း အလိုက် ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ကံစမ်းမဲဖောက်ပေးခြင်း အခမ်းအနားများအား ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားညွှန်ကြားရေးမှူး ချုပ်များ၊ ဝန်ထမ်းများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ မြို့ပြနှင့် ကျေးလက်အကြား၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၁၇-၆-၂၀၂၁ ရက်နေ့ တွင် စတင်ဖွဲ့စည်းပေးခဲ့ရာ ယနေ့ဆိုလျှင် ဝန်ကြီးဌာန၏ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ ရောက်ရှိပြီ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ် ထားရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ သမဝါယမလုပ်ငန်းများ အောင်မြင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်သော ဆီထွက်သီးနှံ၊ စပါးနှင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများအောင်မြင်ရေး၊ သမဝါယမပညာတတ်များ မွေးထုတ်ပေးနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ‌ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးနိုင်ရေး၊ ကျေးလက် လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ ငွေကြေးအရင်းအနှီး ရရှိရေး လုပ်ငန်းများအား တတ်စွမ်းသမျှ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှု များလည်း ရရှိနေပါကြောင်း၊ ယခုလို မင်္ဂလာရှိသော (၃) နှစ်ပြည့်ကာလမှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ‌သမဝါယမလုပ်ငန်းမျာနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ရေးအတွက် မိမိတို့ဝန်ထမ်းများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိမိတို့ဝန်ကြီးဌာန၏ (၃) နှစ်ပြည့် မင်္ဂလာနှစ်ပတ် လည်နေ့မှသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆတက်တမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်) ရရှိကြသူများ၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်) ရရှိသူများ၊ အာရှနှင့်ပစိဖိတ်ဒေသအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန CIRDAP အဖွဲ့အစည်းမှ ပေးအပ်ချီးမြှင့်သည့် Aziz-UL Haq (2024) ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးဆု ရရှိသူနှင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ၊ ကဏ္ဍပေါင်းစုံ အကောင်းဆုံးဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်ဆု ရရှိသူများ၊ ချေးငွေအပြေအကြေပေးဆပ်နိုင်သည့် ဆုရရှိကြသူများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအကောင်းဆုံးဆု ရရှိသူများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှု အကောင်းဆုံးဆု ရရှိသူများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောကျေးရွာဆု ရရှိကြသူများ၊ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်မှု ပထမဆု၊ ဘက်စုံထူးချွန်ဆု၊ လူရည်ချွန်ဆု၊ နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်များတွင် ဆုရရှိကြသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိကြသည့် ဝန်ထမ်းသားသမီးများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ ကံစမ်းမဲပေါက်သူများအား ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ပါမောက္ခချုပ်များက စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိသူ (၂၀) ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိသူ (၁၁) ဦး၊ စာတမ်းရှင် ထူးချွန်ဆုရရှိသူ (၆) ဦး၊ လုပ်ငန်းများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆု ရရှိသူ (၂၀) ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသားကျောင်းသူ (၃၈) ဦးနှင့် ရိုးရိုးအောင် (၄၁) ဦး၊ လူချွန်ရည်ဆုရရှိသူ (၁) ဦးတို့အား ထူးချွန်ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယင်းနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၊ ပဓာဏနာယကဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm