Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


17 Jun,2024

နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်း ဒေသကြီးအဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမကြီးမှ  အိုင့်-သနပ်အိုင့် ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန် ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန   ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခု ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် လမ်းပိုင်းအား  ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိုင့်၊ သနပ်အိုင့်ကျေးရွာအပါအဝင် ကျေးရွာငါးရွာ၊ အိမ်ခြေ ၆၅၂ အိမ် ၊ လူဦးရေ ၃၀၉၃ ဦးနှင့် စိုက်ပျိုးမြေ ဧက ၅၈၀ ကျော်ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း ရှင်းလင်း တင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မြင်းကန်ကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဆည်ကုန်းကျေးရွာအား ယခင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြေသားရေကန်ပြုပြင်တူးဖော် ပြီးစီးမှုအခြေအနေများနှင့် ယခု ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ဆက်လက်ပြုပြင်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး ကျေးရွာကော်မတီဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆည်ကုန်းကျေးရွာ၌ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တစ်လုံးထိုးအင်ဂျင်ပြင်သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ တစ်လုံးထိုး အင်ဂျင် ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ သမဝါယမဝါစိုက်တောင်သူ အစုအဖွဲ့(၁၀)ဖွဲ့မှ ဝါစိုက် တောင်သူ (၂၄)ဦးနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ ပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုဟာ အလွန်အရေးကြီး ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်းချည် လိုအပ်ချက် အတွက်ပြည့်မီတာကို တွေ့ရှိရ သော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်း မှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်း အနေဖြင့်သာ ပြည်ပသို့ တင်ပို့ ရောင်းချ နေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည် အထိ ထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက်တောင်သူများအနေဖြင့် ဝါများ အထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာ ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်  ပေးမှာဖြစ်သည့်အတွက် ဝါစိုက် တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများရရှိရေး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ လည်းကောင်း၊ Contract Farming ဆောင်ရွက်သည့် ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် အသင်းသား တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း၊ စက်ရက် ကန်း သင်တန်းများ၊ ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှု အခြေအနေများနှင့် လက်မှုအနုပညာပြခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများကို အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက  ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ ဖလံကျင်းကျေးရွာရှိ စိုပြေမွေးမြူရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်း၏ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်အရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန် ဆွေးနွေး မှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြိုန့ယ်၊ မွေရွာကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆပ်ပြာဆီအမျိုးမျိုးနှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူတစ်ဦး၏ ဆပ်ပြာဆီအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု အခြေ အနေအား သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး၊ ဝင်ငွေတိုး လုပ်ငန်း များထူထောင်ပေးရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm