နေပြည်တော် ဇွန် ၇
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centre on Integrated Rural Development for Asia and the Pacific - CIRDAP) ၏ (၂၄) ကြိမ် မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (24th Governing Council Meeting) အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Novotel Bangkok on Siam Square Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၃) ဦး တက်ရောက် ဆွေးနွေးခဲ့ ပါသည်။
(၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (24th Governing Council Meeting) အား ဇွန်လ (၆) ရက်နေ့၊ နံနက်ပိုင်းတွင်စတင်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြ သည့် CIRDAP အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ CIRDAP မြန်မာအနေဖြင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အခွင့် အလမ်းများအား ဘက်စုံဖွံ့ဖြိုးတိုးတက်သော ချဉ်းကပ်မှုနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် သွားရမှာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းနှင့်ကိုက်ညီသည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများ၏ အဓိကလိုအပ်ချက်များ ဖြစ်သော လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေး စသည့် မတူကွဲပြားသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှတဆင့် ကျေးလက် ဒေသအသွင်ကူးပြောင်းရေးကို အလေးထားဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါကြောင်း၊ အောင်မြင်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောခေါင်းဆောင်မှု၊ ကတိကဝတ်များနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများနှင့် CIRDAP အဖွဲ့ဝင်နိုင်ငံများ အကြား အသိပညာများ မျှဝေဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်း စေဖို့လည်းလိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများအား ၎င်းတို့၏ အတွေ့အကြုံများ၊ ဆန်းသစ်တီထွင်မှုများ၊ ဖြေရှင်းချက်များနှင့် သင်ခန်းစာများ မျှဝေဖလှယ်ဆွေးနွေးပေးနိုင်မည့် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများအား တွန်းအားပေးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များက အဖွဲ့ဝင်နိုင်ငံများ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသများ၌ ဆောင်ရွက်ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့စေရေး၊ လည်ပတ်စေရေးလုပ်ငန်း များအပေါ် စိန်ခေါ်မှုအသစ်များ၊ အလားအလာရှိသော စီမံကိန်းအသစ်များ ဆောင်ရွက်နိုင်ရန် နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက်များအား ပံ့ပိုးပေးနိုင်ရေးအစီအစဉ်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ အကောင်းဆုံး အလေ့အကျင့်များဆိုင်ရာ ဆွေးနွေးမှုများအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခြင်း၊ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် များနှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးနိုင်ရေး ဆွေးနွေးမှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို မျှဝေခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများအတွက် လိုအပ်သည့်အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရများ၊ နိုင်ငံတကာအေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးပန်းတိုင်များကို မြှင့်တင်ရာတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခန်းကဏ္ဍများ၊ CIRDAP အဖွဲ့အစည်းမှ ဆောင်ရွက်သည့် စီမံကိန်းများ၏ အကျိုး သက်ရောက်မှုနှင့် ထိရောက်မှုကိုအကဲဖြတ်သည့် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းယန္တရားများ ကို ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရန် စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေပိုင်းတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇွန် လ (၇) ရက်နေ့၊ ထိုင်းနိုင်ငံစံချိန်တော် နေ့လယ် (၃:၄၀) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bangkok Suvarnabhumi လေဆိပ်မှ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံချိန်တော် ညနေ (၄:၃၀) နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။