Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပန်းတနော်မြို့နယ်၊ စံကျောင်းစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


29 May,2024

နေပြည်တော် မေ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေလ ၂၈ ရက်၊ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ သို့ သွားရောက်၍ ရောင်ခြည်ဦးစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရောင်ခြည်ဦး စာကြည့်တိုက်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကပင် စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၀၊ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းတည်ဆောက်ခဲ့ သော စာကြည့်တိုက်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ကျေးရွာအုပ်စု အဆင့်၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအဆင့်တို့တွင် စာကြည့်တိုက် များ ရှိနေရမည်ဖြစ်သောကြောင့် လှော်ကထား အ.ထ.က နှင့် မိုးကုတ်ကျေးရွာအုပ်စု၊ လှော်ကထား ကျေးရွာအုပ်စုတို့တွင် စာကြည့်တိုက်များ ထူထောင်ရန်လိုအပ်ကြောင်း၊ စာအုပ်စာစောင်များ ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော စောပြာ-လှော်ကထားလမ်းပေါ်ရှိ စိန်တောင်ကျေးရွာ သံကူကွန်ကရစ်တံတား အရှည် ပေ ၉၀ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိန်တောင်ကျေးရွာရှိ လာဘတိဿစေတီတော်အား ဖူးမြော်၍ အလှူငွေများ ပေးအပ်ကာ ရွာဦးကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ယင်းနောက် အဆိုပါဘုန်းကြီးကျောင်းတွင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်လွင်က ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးခဲ့သော ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးသုံးစွဲမှု စနစ်တကျ ရှိစေရေး၊ ဓာတ်အားပေးစနစ် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရေး မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်၊ စံကျောင်းခေတ်မီစံပြကျေးရွာသို့ သွား ရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဘဏ္ဍာနှစ်များအလိုက် စံကျောင်းခေတ်မီစံပြ ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ကျေးရွာ အတွက် ရေသန့်စင်စနစ်ဖြင့် ရေပေးဝေရေးကို စနစ်တကျ ဆောင်ရွက်ပေးရေး၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေသော သင်ဖျာရက်လုပ်ခြင်း လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရေး၊ စံကျောင်း စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားအသင်းသူများ လုပ်ကိုင်နေသော လယ်ဧက ၁၆၀ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်တိုးစပါးမျိုး စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ စံပြကျေးရွာတွင် ထုတ်လုပ်နေသော EM ဘိုကာရှီ သဘာဝမြေဩဇာများကိုပါ ရောနှောအသုံးပြုရေး မှာကြားကာ ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၏ အစုအဖွဲ့စနစ်ဖြင့် သင်ဖြူးဖျာ ရက်လုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမြင့်တင်ရေစင်တည် ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းများသွယ်တန်းခြင်း ဆောင်ရွက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm