Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်


31 May,2024

နေပြည်တော် မေ ၃၁

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြား ရာတွင် ဦးဆောင်ကော်မတီအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် စံချိန်စံညွှန်းပြည့်ဝတဲ့ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ကုမ္ပဏီအလိုက် ပြည်ပမှတင်သွင်းရာတွင် စနစ်တကျ ဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမှန်တင်သွင်းသည့် ပမာဏကို အခြေခံပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်း တင်သွင်းသွားမည်ကို အသိပေး ပြောကြားလိုပါကြောင်း၊ အမှန်တကယ်သုံးစွဲမှုကြောင့် ထပ်မံလိုအပ်ချက်ရှိလျင်လည်း စိစစ်ပြီး ထပ်မံ တင်ပြ/ ထောက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

          မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းရဲ့ စိစစ်တင်ပြချက် အရ ၂၀၂၄ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန် () လအတွက် စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၆.၇၉ သိန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန်တို့ ထောက်ခံပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီအလိုက် သွင်းကုန် လိုင်စင်ရရှိပြီးမှု အခြေအနေ၊ တင်သွင်းပြီးမှုအခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းရန် နှောင့်နှေးမှုများရှိခဲ့ပြီး လိုင်စင်သက်တမ်းတိုးပေးထားမှုများအပေါ် ကုမ္ပဏီအလိုက် သွင်းအားစုများ ရောက်ရှိပြီး အခြေအနေတို့ကို ပြန်လည်တင်ပြပေးစေလိုကြောင်း၊ လိုအပ်တဲ့အချက်အလက်များ ရရှိရေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထားပါကြောင်း၊

          ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီအလိုက် လျာထား တင်သွင်းခွင့်ပြုထားတဲ့ သွင်းအားစုပမာဏတန်ချိန်များအတွက် ဖြန့်ဖြူးပေးနိုင်မဲ့ ဈေးနှုန်းများကို ယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်စေပြီး ဈေးနှုန်းအနိမ့်ဆုံးဖြင့် ဖြန့်ဖြူရောင်းချပေးနိုင်မဲ့ကုမ္ပဏီများကို စိစစ်ရွေးချယ်ကာ သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် အသင်းဝင် ကုမ္ပဏီများအား နှစ်စဉ်တင်သွင်းမှုစာရင်းအပေါ် အခြေခံ၍ ကုမ္ပဏီအလိုက် တင်သွင်းမှုပမာဏ တန်ချိန် သတ်မှတ်ထားသော်လည်း အမှန်တကယ် ဆောင်ရွက်သည့် ကုမ္ပဏီအသစ်များကိုပါ တင်သွင်းခွင့်ပြုထားခြင်း၊ ကုမ္ပဏီအသေးများ ဈေးနှုန်းယှဉ်ပြိုင်နိုင်အောင်လည်း စီစဉ်ပေးထားခြင်း၊ ဈေးနှုန်းယှဉ်ပြိုင်ရတာဖြစ်လို့ အမှန်တကယ် တင်သွင်းတဲ့ ကုမ္ပဏီအဟောင်းရော၊ ကုမ္ပဏီအသစ် များကိုပါ နစ်နာမှုမရှိအောင် စိစစ်ထောက်ခံပေးခြင်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊

          ရည်ညွှန်းဈေးနှုန်းများထုတ်ပြန်ပေးမှုအနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀ ကျပ်နှုန်း ဖြစ်လာတဲ့အတွက် ရောင်းဈေးနှုန်းများ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပြီး တောင်သူများအတွက် ဈေးနှုန်းသက်သာပါကြောင်း၊ ကုမ္ပဏီတွေကို ဈေးနှုန်းယှဉ်ပြိုင်စနစ် ဖြင့် ဆောင်ရွက်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါကြောင်း၊ သို့သော် အချိန်ကြာလာတာနှင့်အမျှ ပြည်ပ ပေါက်ဈေး အပြောင်းအလဲ ရှိနိုင်တာကြောင့် လုပ်ငန်းစဉ်တွေ မြန်ဆန်သွက်လက်ရန် လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများက မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊

          ယခု မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် လျာထားချက်များနှင့် ထောက်ခံပေးခဲ့မှုများအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဒေသအလိုက် တာဝန်ရှိသူများက ဓာတ်မြေဩဇာ အရည်အသွေးများကို Spot Check စစ်ဆေးကြရန်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက သဘာဝမြေဩဇာများ ထုတ်လုပ်၍ ရောနှောအသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်  တိုက်တွန်းဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများ ဈေးသက်သာစွာဖြင့် အချိန်မီ ရရှိရေး ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးပြီးပါက ဆက်လက်ဆောင်ရွက်မည့် ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးရေး စီမံကိန်းများအတွက်ပါ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm