ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


23 May,2024

နေပြည်တော် မေ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြိုနယ်တို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြို့နယ်သမဝါယမအသင်းစု ဘက်စုံခြံကုန်ထုတ်လမ်း သို့ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ရုရှားသဘာဝမြေဩဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့သော နွေစပါး၊ အစေ့ထုတ်ပြောင်းရိတ်သိမ်း ဆောင်ရွက်နေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးက ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများ အားလည်းကောင်း၊ သမဝါယမဦးစီးဌာန ဦးစီးမှူးက နွေစပါး၊ အစေ့ ထုတ်ပြောင်း ရိတ်သိမ်းနေမှုများနှင့် အထွက်နှုန်းဆိုင်ရာအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခဲ့သော နွေစပါး၊ အစေ့ထုတ်ပြောင်း တစ်ဧကအထွက်နှုန်း၊ စိုက်ပျိုးမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းထားရှိပြီး အားနည်းချက် အားသာချက်များကို ဖော်ထုတ်ကာ ဆက်လက်စိုက်ပျိုးပါက အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံခြံအတွင်း ခြံလှောင်စနစ်ဖြင့် မွေးမြူ ထားသော ဒေသနွားမျိုးနှင့် Brahman နွားမျိုးများ မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက် ကြရန်၊ မြေလွတ်မြေလပ်မထားရှိဘဲ အပြည့်အဝအသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍ ရရှိသည့်အကျိုးအမြတ်များကို အသင်းသားများထံ ပွင့်လင်းမြင်သာစွာ ခွဲဝေပေးရန်နှင့် အသင်းသားများမှလည်း လုပ်ငန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး ကျောက်စိမ်း လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်နှင့် သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် အဆင့်မြင့်ဆီစက် တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ မိုးမကျမီ Foundation ပြီးစီးရန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်စပ်ဝန်ကြီးဌာနများသို့ တင်ပြ ခွင့်ပြုချက်ရယူရန်ရှိသည်များ ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းရရှိရေး ကြိုတင်ချိတ်ဆက် ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm