Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး စီမံကိန်းများအပေါ် သုံးသပ်အဖြေရှာခြင်း၊ ဝါသီးနှံနှင့် မိုးစပါး စီမံကိန်းလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


01 Apr,2024

နေပြည်တော် ဧပြီ ၁

          ၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းလုပ်ငန်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ဆဲဖြစ်သည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်း လုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဗဟိုသမဝါယမ အသင်း၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်း စုချုပ်များမှ ဥက္ကဋ္ဌများ၊ ဝါစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်များရှိ သမဝါယမဦးစီးအရာရှိများနှင့် သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာ၌ ယနေ့ အစည်းအဝေးတွင် ပဲတီစိမ်း၊ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်ခဲ့သည့် စီမံကိန်းဆောင်ရွက်ခဲ့ မှုအခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကိုသုံးသပ်ပြီး ရှေ့ဆက်အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ အသုံးချသွားရန်ဖြစ်ပါကြောင်း။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတွင် တောင်သူများ လိုအပ်သည့် သွင်းအားစုများအား ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းများလည်း တိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း။ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတွင်လည်း တောင်သူများ လိုအပ်သည့် သွင်းအားစုများအား ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် နွေစပါးထွက်ရှိမှုအနေဖြင့် ယခင်နှစ်ထက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိကြသည်ကို တွေ့ရှိရပါကြောင်း။ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် အတွေ့အကြုံများရရှိပြီး ဖြစ်ကြောင်း၊ အချို့မှာ ပန်းတိုင်အထွက်နှုန်းပြည့်မီသော်လည်းအချို့မှာ အထွက်နှုန်းလျော့နည်းမှုများ ရှိသည်ကို တွေ့ရှိရသည့်အတွက် အကြောင်းအရင်းများကို အဖြေရှာဖို့ လိုအပ်ကြောင်း။ အသင်းသား တောင်သူများ ကြိုးစားလုပ်ဆောင်နိုင်ရေး အမြဲထိတွေ့ကွင်းဆင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလာမည့် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျဖြင့် လုပ်ဆောင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုကြောင်း၊ အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး စီစဉ်ပေးရန် လိုအပ်ကြောင်း။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို သက်ဆိုင်ရာ အသင်းအဖွဲ့များက လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များကို တိုက်ရိုက်ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။ ဆောင်ရွက်ဆဲဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ၊ ဆောင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတို့ကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရယူပြီး သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် နေကြာကို စနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အထွက်နှုန်းတိုးမျိုးကို စိုက်ပျိုးပြီး အမှန်တကယ် လုပ်ဆောင်ပါက အထွက်နှုန်းများ ပိုမိုထွက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း။

အသင်းသားတောင်သူများ ဝင်ငွေတိုးပွားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ဝါစိုက်ပျိုးမှုစီမံကိန်းကို အမြန်ဆုံးအောင်မြင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။ ဝါစိုက်ပျိုးနိုင်မည့် မြို့နယ်များ၌ ဝါစိုက်ပျိုးသည့် သမဝါယမအသင်းများနှင့်တောင်သူများအား စည်းရုံး၍ သမဝါယမအသင်းများ ဖွဲ့စည်းပြီး အဆိုပါအသင်းသားတောင်သူများပိုင် လယ်ယာမြေများနှင့် သမဝါယမအသင်းပိုင် လယ်ယာမြေများတွင် ဝါသီးနှံစိုက်ပျိုးနိုင်ရေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။ ဝါစိုက်ပျိုးရန် လိုအပ်သည့်ပံ့ပိုးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေများရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးနိုင်ရေးအတွက် အထွက်နှုန်းတိုးသည့် ဝါမျိုးစေ့များ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် ဝါမျိုးရရှိနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သွင်းအားစုများကို အသင်းအဖွဲ့များမှ တိုက်ရိုက်ပေးပို့နိုင်ရေး လုပ်ဆောင်ပေးသွားမှာဖြစ်ပါကြောင်း။

သတ်မှတ်ထားသည့် အထွက်နှုန်းအတိုင်း ထွက်ရှိရန် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာများ ကို ဖြည့်ဆည်းပေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနများနှင့် ချိတ်ဆက်ပြီး စိုက်ကွင်းအရောက် အသိပညာပေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း။ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းအဆင့်ဆင့်တို့က တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ စီမံကိန်းနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စနစ်တကျ လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေးစပါး၊ မိုးစပါးစီမံကိန်းဆောင်ရွက်ခဲ့မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်နေသော ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သုံးသပ်ဆွေးနွေးပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လာမည့်မိုးစပါးရာသီတွင် စုပေါင်းဆောင်ရွက်၊ စုပေါင်းထုတ်လုပ်၊ စုပေါင်းရောင်းချသည့် သမဝါယမစနစ်ဖြင့် လုပ်ဆောင်ကြပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm