Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်


04 Apr,2024

နေပြည်တော် ဧပြီ ၄

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြား ရာတွင် ဦးဆောင်ကော်မတီအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူများရဲ့ အခက်အခဲများ ဖြေလျော့ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်း များမှာ လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ပမှ တင် သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း‌၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း၏ တင်ပြချက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာ တင်သွင်းမှုအနေဖြင့် တန်ချိန် ၁ ဒသမ ၀၄၇ သန်းနှင့် ပိုးသတ်ဆေး တင်သွင်းမှုအနေဖြင့် တန်ချိန် ၂၇၁၂၉ ဒသမ ၂၄ တန် ရှိပါကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများအား သွင်းကုန်လိုင်စင်ရရှိရေး လျှောက်ထားတင်ပြသည့်အခါနှင့် သွင်းကုန်လိုင်စင်ရရှိပြီးသည့်အခါတို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရေး ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ဦးဆောင်ကော်မတီအနေဖြင့် အသင်းဝင်ကုမ္ပဏီများအား နှစ်စဉ်တင်သွင်းမှုစာရင်း အပေါ်အခြေခံ၍ ကုမ္ပဏီအလိုက် တင်သွင်းမှု ပမာဏတန်ချိန် သတ်မှတ်ထားသော်လည်း အမှန်တကယ် ဆောင်ရွက်သည့်ကုမ္ပဏီအသစ်များကိုပါ တင်သွင်းခွင့်ပြုထားကြောင်း၊ ကုမ္ပဏီအသေးများ ဈေးနှုန်းယှဉ်ပြိုင်နိုင်အောင်လည်း စီစဉ်ပေးထား ကြောင်း၊ ဈေးနှုန်းယှဉ်ပြိုင်ရတာဖြစ်လို့ အမှန်တကယ် တင်သွင်းသူများကို စိစစ်ထောက်ခံပေး ထားကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ အောင် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ဆောင်ရွက်ခဲ့သည့်  အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ယခုနှစ်မှာ အားနည်းချက်များ မရှိရအောင် သက်ဆိုင်ရာအဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်းပြောကြား ပါသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် သွင်းအားစုများ တင်သွင်းခွင့်ရရှိရေး စည်းကမ်းနှင့်အညီ စိစစ်ထောက်ခံပေးမည့် အခြေအနေ များအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ် ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Artemii ALIMOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် (၁၁:၃၀) နာရီအချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရုရှား-မြန်မာ သဘာဝမြေဩဇာ စက်ရုံတည်ဆောက်ရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံထုတ် သဘာဝမြေဩဇာ တင်သွင်းရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm