Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်း ဝါစက်လုပ်းငန်းများဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


29 Mar,2024

နေပြည်တော် မတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝါစက်လုပ်းငန်းများဆောင်ရွက်နေမှု နှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ နေခြည်ဝင်းဝါစက်သို့ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များမှ ဝါဂွမ်း အထုပ်များထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း များကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက်သေချာစွာရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါစိုက်ဧက အပေါ် အခြေခံ၍ ကုန်ကြမ်းရရှိမှုအပေါ်မူတည်ကာ ဝါဖန်စက်များ ထပ်မံလိုအပ်မှု ရှိ/မရှိ တင်ပြ ပေးရန်နှင့် ထပ်မံလိုအပ်သော စက်များကို ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်နိုင်သည့်အတွက် တိုးချဲ့ ဆောင်ရွက်လိုပါက ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်တင်ပြကြရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲနိုင်ရေး ဝါစေ့ဆီကြိတ်ခွဲစက် ဆောင်ရွက်မည့်အစီအစဉ်များ တင်ပြကြရန် လိုအပ် ကြောင်း၊ မီးဘေးလုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာ အုပ်စု၊ အလယ်ကျွန်းကျေးရွာရှိ ရွှေဝါကျွန်းလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပပြုလုပ်သည့် ဝါစိုက်အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဝါမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ဝါစိုက် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုး ထုတ်လုပ်မှုဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ထွက်ရှိ လာသောဝါမှာ နိုင်ငံအတွင်းချည်လိုအပ်ချက် အတွက်ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက် တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ဝါစိုက်တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများရရှိရေး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှလည်းကောင်း၊ Contract Farming ဆောင်ရွက်သည့် ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် စက်ပစ္စည်း လိုအပ်ချက်များကို စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး MSME ချေးငွေများရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်တို့က အလယ်ကျွန်းကျေးရွာရှိ ရွှေဝါကျွန်းလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်းမှ ဝါစိုက် တောင်သူ(၄၇၄)ဦး၏ လယ်ယာမြေစိုက်ဧက (၁၄၅၀)တွင် စိုက်ပျိုးရန်အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များကို အသင်းသားတောင်သူများ လက်ဝယ်သို့ ပေးအပ်ကာ အသင်းသားတောင်သူ များ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm