Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြိမ်၊ ဗေဒါအခြေခံလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း(ToT) ဆင်းပွဲကျင်းပ


13 Mar,2024

ရန်ကုန်၊ မတ် ၁၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ Finnish Refugee Council (FRC) နှင့် ရွှေရောင်လွင်ပြင် သမဝါယမအသင်းလီမိတက်တို့နှင့် ပူးပေါင်ဖွင့်လှစ်ခဲ့သော ကြိမ်၊ ဗေဒါ အခြေခံ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း(ToT) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊  ညွှန်ကြားရေး မှူးများ၊ ရွှေရောင်လွင်ပြင် သမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က မိမိတို့ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊  အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက် လာစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်နှင့်အညီ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပို့ချပေးလျှက်ရှိပါကြောင်း၊ ကြိမ်၊ ဗေဒါဖြင့်ပြုလုပ်သော လက်မှုထည် ပစ္စည်းများသည် လက်ရှိပြည်တွင်း၊ ပြည်ပဈေးကွက်တွင် တွင်ကျယ်လာပြီဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း ကြိမ်၊ ဗေဒါအခြေခံတန်ဖိုးမြှင့်လက်မှုထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်ပြီး MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဌာနမှ လက်မှုအခြေခံရှိပြီးသော ဝန်ထမ်း (၂၀)ဦးအား ကျွမ်းကျင်နည်းပြများအဖြစ် ပြည်သူလူထုကို ဆင့်ပွားသင်တန်းများပေးနိုင်ရန် FRC အဖွဲ့အစည်းနှင့် ရွှေရောင်လွင်ပြင်သမဝါယမအသင်း လီမိတက်တို့နှင့်ပူးပေါင်း၍ကြိမ်၊ ဗေဒါ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော နည်းပညာကိုအခြေခံပြီး ပိုမိုဆန်းသစ် ဈေးကွက်ဝင်သော ပစ္စည်းများ ဖန်တီးထုတ်လုပ်နိုင်စေရန် ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့လာပြီး ပြည်သူများအား လက်ဆင့် ကမ်းသင်ကြားပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ဒေါ်ငြိမ်းအေးက သင်တန်းတွင် ထူးချွန်ဆုရရှိသူ(၃)ဦးအား ဆုများချီးမြှင့်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်မှု ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်နှင့် ရွှေရောင်လွင်ပြင်သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဒေါ်ထွေးထွေးအောင်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့်အတူ တက်ရောက်လာကြသူများက သင်တန်းဆင်း လက်ရာများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm