Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ်၊ ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်လှစ်


14 Mar,2024

နေပြည်တော် မတ် ၁၄

          (၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်းများဟာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာ အခြေခံနေတာကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ အဓိက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့အတွက် ရည်မှန်းချက်များ၊  မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက် လမ်းကွန်ယက်များဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယနေ့ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်သည့် “ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်း မြစ်ကူးတံတား”ဟာဆိုရင် တံတားအရှည် (၆၀၀) ပေ၊ တံတားအကျယ် (၂၀)ပေ၊ လူသွားလမ်း တစ်ဖက်တစ်ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားတဲ့ တံတားအမျိုးအစားဖြစ်ပါကြောင်း၊ တံတားခံနိုင် ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြု သွားနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုလို စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများအနေဖြင့့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက် စေဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အချိုးကျကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးဟာ အဓိကကျလျက်ရှိပါကြောင်း၊ ယခု ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၁၇) ရွာရှိ အိမ်ခြေ(၃၇၆၇)အိမ်၊ လူဦးရေ (၁၈၀၈၄)ဦးကို တိုက်ရိုက် အကျိုးပြု နိုင်မှာဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ ဒေသထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ် ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တံတားရေရှည် တည်တံ့ခိုင်မြဲအောင် ဒေသခံ ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က ပေါင်းလောင်း- ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက  ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာ ရည်များပက်ဖြန်းကာ တံတားအားဖြတ်သန်း ကြည့်ရှုကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ သည် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာ ကုန်ထုတ်လုပ်ငန်းများပ ေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးတော ကျေးရွာသို့ သွားရောက်၍ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်မြေ (၇)ဧကတွင် ရုရှားနေကြာမျိုးနှင့် မြန်မာနေကြာမျိုးများ စိုက်ပျိုးထားမှုအားလည်းကောင်း၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် စိုက်ပျိုးမြေ(၁၇၀)ဧကကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက် တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နေကြာ၊ ငရုတ်၊ ဖရဲ၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်း စတင်စိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက နေကြာများ ရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရေးလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm