Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီးအတွင်း နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


11 Mar,2024

နေပြည်တော် မတ် ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက် ကျေးရွာသို့ သွားရောက်ပြီး နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေသော အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မကွေး၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မကွေးတိုင်း ဒေသကြီးအတွင်း နှမ်းစိုက်ဧက ၁၀ သိန်းကျော်မှ ထွက်ရှိလာသော နှမ်းရိုးများကို အခြေခံ၍ သဘာဝ မြေဩဇာများထုတ်လုပ်ရန် လျာထား‌ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းသမဝါယမအသင်းစုချုပ်နှင့် မြို့နယ်အလိုက် သမဝါယမအသင်းများက ဦးဆောင်၍ တောင်သူလယ်သမားများအား ပညာပေးစည်းရုံးကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နှစ်စဉ် ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းစားသုံးဆီဖူလုံမှု ရရှိစေရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲကလည်း လမ်းညွှန်ထားပါ ကြောင်း၊ ဆီထွက်သီးနှံများကို ၁ နှစ်လျင် ၂ သီး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်ကလည်း တောင်သူများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ တောင်သူတိုင်းတွင် နှမ်းရိုးနှင့် နွားချေးများ ရှိထားပြီးဖြစ်ရာ EM ဖျော်ရည် များအသုံးပြုလျက် သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သည်အထိ လယ်ယာမြေ များသို့အရောက် ကွင်းဆင်းပြသဆောင်ရွက်ပေးရေး တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က သမဝါယမလယ်ယာ ဝန်ဆောင်မှုကဏ္ဍအနေဖြင့် စုပေါင်းထွန်ယက်၍ ဝန်ဆောင်မှုပေးခြင်း၊ လယ်ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်အပါအဝင် လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ၊ စိုက်ပျိုးရေးသမဝါယမ အသင်းများကိုယ်တိုင် သက်သာသောအတိုးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ ဘဏ်၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ် သမဝါယမအသင်းစုများနှင့် အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း၏ နှမ်းရိုးအခြေခံသဘာဝမြေဩဇာ Mobile ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် စုဆောင်းထားသော နှမ်းရိုးနှင့် နွားချေးကုန်ကြမ်းများ၊ EM ဖျော်ရည်များ၊ ဖွဲနုကုန်ကြမ်းများနှင့် လက်တွေ့ဆောင်ရွက်ထားသော မြေဩဇာကျင်းများအားလည်းကောင်း၊  အသင်းသားတောင်သူ ဦးသောင်းရွှေနှင့် ဦးကြည်အောင်တို့၏ လယ်မြေများသို့ သွားရောက်၍ နှမ်းရိုး၊ နွားချေး၊ ဖွဲနုဖွဲကြမ်း၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုကို  ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သရက်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန်၊ ဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေ တိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် မှာကြားပြီး ဌာနအလိုက် လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm