07 Mar,2024
မိုင်းပန် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းပန်မြို့နယ် မိုက်ပုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းနှင့် တာဝန်ရှိသူများက မိုင်းပန်မြို့နယ် မိုက်ပုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားမှု၊ စာရင်းဇယားများ မှန်ကန်စွာ ရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှုရှိမရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ခရိုင်ဦးစီးမှူးက မိုက်ပုတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်းရန်ပုံငွေများ ရေရှည်တည်တံ့စေရန်၊ ရန်ပုံငွေဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ကြွေးကျန်များ မပေါ်ပေါက်စေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
မိုင်းပန်မြို့နယ် မိုက်ပုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း ၄၇ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၉ သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။