Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက် သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြပွဲ ကြည့်ရှုအားပေး


29 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၉

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြား ရာတွင် ဦးဆောင်ကော်မတီအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူများရဲ့ အခက်အခဲများ ဖြေလျော့ပေးနိုင်ရေးနဲ့ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်း များမှာ လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝတဲ့ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ပမှ တင် သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း‌၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒ၊ တင်သွင်းခွင့်ပြုမည့်တန်ချိန်များ နဲ့ပတ်သက်ပြီး ယခင်အစည်းအဝေးမှာ ဦးဆောင်ကော်မတီအဖွဲ့ဝင်များကို သဘောထားအကြံပြု ချက်များ တောင်းခံကာ ပြင်ဆင်ဖြည့်စွက်ချက်များနဲ့ ယခုအစည်းအဝေးမှာ အတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း အများစုမှာ စပါးစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧက ၁၅ သန်းခန့် ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စီမံကိန်းတွင် စိုက်ဧက ၇ သိန်းခန့်ရှိပြီး လိုအပ်သော သွင်းအားစုများအား ရာသီအချိန်မီရရှိရေးကို သက်ဆိုင်ရာဌာနများက ကြိုတင်ကြီးကြပ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မြေဩဇာအသင်း အနေဖြင့် အသင်းဝင်ကုမ္ပဏီများက သွင်းကုန်လိုင်စင်ရရှိပြီး လိုင်စင်ကိုင်ထားခြင်း၊ ပြန်လည်ရောင်း ချခြင်း၊ ဈေးကစားခြင်းများ မရှိစေရေး၊ လိုင်စင်ဖောင်းပွမှုများ မရှိစေရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရည်ညွှန်းဈေးနှုန်းအား ဖေဖော်ဝါရီလအတွက် ထုတ်ပြန်ပေးခဲ့ပြီး မတ်လအတွက် ထုတ်ပြန်ပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးစေလိုကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရန်၊ အရည်အသွေးပြည့်မီရန်၊ ဈေးနှုန်းသက်သာအောင် ကြီးကြပ် ဆောင်ရွက်ရန်၊ မိုးစပါးရာသီအတွက် သွင်းအားစုများ အချိန်မီရရှိအောင် ယခုကတည်းက ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်မည့် “မူ”ဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုရှင်းလင်း ဆွေးနွေးတင်ပြ ကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာတွင် သမဝါယမဦးစီးဌာနနှင့် လယ်ယာသုံးစက်ကိရိယာများ ရောင်းချနေသည့် ကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြပွဲသို့ တက်ရောက်ပြီး သမဝါယမအသင်းသားတစ်ဦးချင်းအလိုက်၊ အသင်းအစုအဖွဲ့အလိုက် သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ပံ့ပိုးငွေရယူကာ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရန် အသင်း BOD အဖွဲ့ ထောက်ခံမှုများနှင့် သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းသားတောင် သူများ လိုအပ်တဲ့ လယ်ယာသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချရေးနှင့် After Sale Service ပေးရေး၊ အပိုပစ္စည်းများ အလွယ်တကူရရှိနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ကြောင်ရေကျေးရွာရှိ ကြောင်ရေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား(၃၀)ရဲ့ လယ်မြေ (၂၃၉) ဧကအနက် (၁၂၅) ဧကမှာ နွေစပါး စိုက်ပျိုးနိုင်ရေး ကုမ္ပဏီပိုင်ထွန်စက်များ၊ သမဝါယမအသင်းပိုင်၊ အသင်းသားပိုင် ထွန်စက်များဖြင့် စနစ်တကျလယ်ယာမြေ ဖော်ထုတ်ထွန်ယက်ပေးပြီး ထိုင်းနှံကောက်စပါးမျိုးများကို မဒန်းဆည်ရေ အသုံးပြုကာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ အချိန်မီစုပေါင်းထွန်ယက်၊ အချိန်မီစုပေါင်းစိုက်ပျိုး၊ အချိန်မီစုပေါင်း ရိတ်သိမ်းခြင်းဖြင့် ပန်းတိုင်အထွက်တိုးနှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အကျိုးအမြတ် ပိုမိုရရှိကာ စုပေါင်းရောင်းချခြင်းကိုလည်း အတူတကွ လုပ်ဆောင်ကြဖို့ မှာကြားလိုပါကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေရှိ သမဝါယမအသင်းများကို နေပြည်တော်သမဝါယမအသင်း စုချုပ်ပိုင် ထွန်စက်(၂)စီးနှင့် လယ်ဝေးမြို့နယ်သမဝါယမအသင်းစုပိုင် ထွန်စက်(၂)စီး၊ ပြည်ထောင်စု ထောက်ပံ့ငွေဖြင့် ပံ့ပိုးရောင်းချပေးထားသည့် ဒေဒေါင်းစက်(၂၁)စီး၊ ကုမ္ပဏီများပိုင်ထွန်စက်(၃) စီး၊ အသင်းသားပိုင်ထွန်စက် (၂၀၀)စီး၊ စုစုပေါင်းထွန်စက် (၂၂၄)စီးဖြင့် စိုက်ဧကပေါင်း (၄၀၀၀) ကျော် ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။ ထို့ပြင် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ ပြည်နယ် ဘတ်ဂျက်တို့ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ သမဝါယမ အသင်းနှင့် အသင်းသားများသို့ ဒေဒေါင်းလယ်ယာသုံးစက်ကိရိယာ (၁၁၉)စီးနှင့် ဆက်စပ်ပစ္စည်း များ ပံ့ပိုးပေးခဲ့ပြီး ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်တို့ဖြင့် ဒေဒေါင်းထွန်စက်(၁၆)စီး ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း။ နိုင်ငံတော်မှ ပံ့ပိုးပေးထားသည့် ဒေဒေါင်း လယ်ယာသုံးစက်ကိရိယာ (၁၃၆) စီးဖြင့် ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်များမှာ မိုးစပါး စိုက်ဧကများအပါအဝင် လယ်ယာမြေ (၂၉၅၀၄) ဧကအား သက်သာသောဈေးနှုန်းဖြင့် ထွန်ယက် ပေးနိုင်ခဲ့ပါကြောင်း။

သမဝါယမလယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို သမဝါယမအသင်းများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငွေကြေးအရင်းအနှီးလိုအပ်မှုကို စိုက်ပျိုးရေး ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ပြီး အတိုးနှုန်းသက်သာစွာ ဝယ်ယူနိုင်ခြင်း၊ ထွန်ယက်နိုင်ပြီး သက်သာသောနှုန်းဖြင့် အချိန်မီထွန်ယက်နိုင်သဖြင့် ထွန်ယက်စရိတ်သက်သာခြင်း၊ ဌာနများ ပူးပေါင်းဆောင်ရွက်မှုကြောင့် စိုက်ပျိုးရေးနည်းပညာများရရှိခြင်း စသည့် အကျိုးကျေးဇူးများကို အသင်းသားတောင်သူများ ရရှိခံစားရမှာ ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် နိုင်ငံတော်နဲ့ သမဝါယမကဏ္ဍများကလည်းကောင်း၊ ကုမ္ပဏီများကလည်းကောင်း လာရောက်ဖြည့်ဆည်း ကူညီ ဆောင်ရွက်ပေးနေချိန်မှာ ပန်းတိုင်အထွက်တိုးရေး အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအတွင်း ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ပူးပေါင်းချိတ်ဆက်ရမည့် လုပ်ငန်းများနှင့် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ ယင်းနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက စက်ကိရိယာများအကြောင်းကို လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်ပြီး အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ထွန်စက်များဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသရုပ်ပြပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကုမ္ပဏီများမှ တာဝန်ရှိ သူများ၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်တို့မှ တာဝန်ရှိသူများ၊ သမဝါယမအသင်း သားတောင်သူ ၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm