Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“သမီးလေးနှင့် တစ်နေ့တာမှသည် နိုင်ငံချစ်စိတ်ဆီသို့”


28 Feb,2024

ခန့်ဇော်(ကျေးလက်)

စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့အလုပ်ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမီးက ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်……….

          သားနဲ့ သမီးက ရန်ကုန်ရောက်ချိန်မှာ ကျောင်းပို့/ကျောင်းကြိုလုပ်ပေးရန် တောင်းဆိုလေ့ရှိပြီး ရန်ကုန်ကို ရောက်တဲ့အချိန်တွေ့တာကလည်း အလုပ်နဲ့သွားမှ ရောက်တာမို့ စနေ၊ တနင်္ဂနွေရက်များ ဖြစ်နေ့လေ့ရှိကာ အိမ်ကနေ မိုးလင်းထွက်၊ မိုးချုပ်မှ အိမ်ပြန်ရောက်တာမို့ ကျောင်းပို့/ ကျောင်းကြို အတွက် အချိန်မတိုက်ဆိုင်တာများပါတယ်။ သို့ပေမယ့် ဝါတွင်းကာလဆိုရင် ကျောင်းပိတ်ရက်က ဥပုသ်၊ တနင်္ဂနွေဆိုတော့ စနေနေ့ကျောင်းဖွင့်တာမို့ တစ်ခါတစ်ရံ ကျောင်းပို့/ ကျောင်းကြို အဆင်ပြေ ပါတယ်။ အဖေကျောင်းပို့ /ကျောင်းကြိုလုပ်တဲ့အခါမျိုးဆိုရင် သားနဲ့ သမီးတို့ရဲ့ မျက်နှာဝင်းလက် ကြည်ရွှင်နေတာ၊ ကျေနပ်ပျော်ရွှင်နေတာ၊ သူတို့သူငယ်ချင်းတွေကို သူတို့အဖေလာကြိုတာကို ပြောပြီး ကျေနပ်နေကြတာကို သတိထားမိပါတယ်။ ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးနိုင်တာကလည်း တစ်နှစ်မှ တစ်ခါ၊ နှစ်ခါသာ ဖြစ်ပါတယ်…….

          စာရေးသူ ရန်ကုန်ရောက်ဖြစ်သည့် တစ်ရက်မှာတော့ သမီးနဲ့ နေ့လယ်စာအတူ စားရင်း အိမ်စောင့်ကျန်ခဲ့ကြပါတယ်။ ကျန်မိသားစုတွေက အလုပ်ကိစ္စတွေနဲ့ အပြင်သွားကြတယ်။ သမီးက (၄)တန်းကျောင်းသူ (၁၀)နှစ်ပေါ့။ ထမင်းအတူစားရင်း ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ ကျောင်းက အကြောင်းတွေ မေးဖြစ်ပါတယ်။ သမီးက ကျောင်းပျော်တဲ့အထဲ ပါဝင်ပါတယ်။ တစ်ခါတစ်လေ ကျောင်းမတက်ဖို့ ပြောရင် လုံးဝလက်မခံ။ သူငယ်ချင်းတွေနဲ့အတူ စာသင်ရတာ ကြိုက်သလို စာရတာကြောင့်လည်း ကျောင်းပျော်တာ ဖြစ်နိုင်ပါတယ်။

သမီးက ထမင်းစားရင် ငယ်ငယ်က ကြာတယ်။ ငုံထားတာ၊ ခုကြီးလာတော့ နည်းနည်းမြန် လာပေမယ့် ကြာသေးတယ်။ အမေလုပ်သူက အပြင်မသွားခင် မှာသွားတယ်။

“ပြန်လာလို့ ထမင်း စားမပြီးသေးရင် ဘာဖြစ်တယ်…. ညာဖြစ်တယ်၊ တွေ့မယ်”ပေါ့ …..။

စားရင်း စကားလေးပြောလိုက်၊ မြှောက်ပေးလိုက်၊ တော်တယ်ပြောလိုက်နဲ့ပဲ ပုံမှန်အချိန် အတွင်း ထမင်း စားပြီးသွားပါတယ်။ ထမင်းစားပြီးတော့….

“သမီး အဖေ့ပန်းကန်ဆေးပေးမလား။ ကိုကိုကတော့ ဆေးပေးတယ်”ဆိုပြီး

“မိဘကို အလုပ်အကျွေးပြုတာ ကုသိုလ်ရတယ်။ အိမ်အလုပ်ဝိုင်းလုပ်တာ လိမ္မာတဲ့ ကလေး၊

ကိုယ့်ပန်းကန် ကိုယ်ဆေးတာ တာဝန်သိတဲ့ကလေး”ဆိုပြီး လုပ်ချင်လာအောင် မြှောက်ပင့် ပြောလိုက်တော့ အဖေ့ပန်းကန်ပါ ဆေးပေးပါတယ်။ ပန်းကန် ဆေးရင်း ဘုံဘိုင်/ ဘေစင်ရေကို အများကြီးမဖွင့်ဖို့၊ အနည်းငယ်သာ၊ လိုသလောက်သာဖွင့်ဖို့၊ ရေချွေတာဖို့လည်း သင်ပေးဖြစ်ပါတယ်။

“ရေက ဂျိုးဖြူကနေလာတာ၊ ပန့်နဲ့တွန်းရတာ၊ လျှပ်စစ်မီးသုံးပြီး တိုက်အမိုးပေါ်တင်ရတာ” စသဖြင့်….. သမီးကို နားလည်အောင် ပြောဖြစ်ပါတယ်။ ဆည်ရေကို သန့်စင်ပြီးမှ ပေးတာမို့ ကုန်ကျ စရိတ်ရှိကြောင်း၊ သန့်စင်ပြီးရေမို့ ချွေတာသုံးစွဲရန်လိုကြောင်း ပြောဖြစ်ပါတယ်။ အဲဒီအခါမှာ သမီးက သူတို့ကျောင်းက Activities များအကြောင်း ပြောပြပါတယ်။

သူတို့အတန်းမှာ Club များ ဖွဲ့ထားကြောင်း၊ Water Saving Club၊ Energy Saving Club၊ Rubbish Management Club၊ Green Club ဟူ၍ Club များဖွဲ့ပြီး တာဝန်ခွဲဝေပေးထားကြောင်း၊ Water Saving Club အနေနဲ့ လက်ဆေး Basin တွေမှာ ရေလုံ/ မလုံ၊ ဘားတွေ ပိတ်/ မပိတ် စစ်ဆေး ရကြောင်း၊ ရေအလေအလွင့်မရှိအောင် ကြီးကြပ်စစ်ဆေး၊ တာဝန်ယူကြရကြောင်း ပြောပြပါတယ်။ Energy Saving Club အနေနဲ့ အလင်းရောင်ရှိရင် အလင်းရောင်သုံးရန်မလိုအပ်တဲ့အတွက် မီးတွေ ပိတ်ရ၊ ပန်ကာတွေ ပိတ်ရတယ်။ Rubbish Management Club အနေနဲ့ကတော့ အမှိုက်ပုံ အပြင်ဘက်ရောက်နေတဲ့အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင်ပြန်ထည့်၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး သတ်မှတ်အမှိုက်ပုံးမှာ ထည့်၊ သန့်ရှင်းရေးလုပ်၊ အမှိုက်ကောက်ကြရတယ်လို့ ဆိုပါတယ်။ လိမ္မော်၊ ဝါ၊ စိမ်း၊ နီ၊ ပြာအသင်းများ ဖွဲ့ထားပြီး အသင်းတာဝန်ကျ ကျောင်းသား/ကျောင်းသူတွေက အမှိုက် ကောက်/ သိမ်း ဝိုင်းဝန်းလုပ်ကိုင်ကြရပါတယ်။ Green Club ရဲ့တာဝန်တွေကတော့ သစ်ပင် စိုက်၊ မျိုးစေ့ချ၊ သစ်ပင်ရေလောင်းတာဝန်တွေဖြစ်ပါတယ်။ အပင်တွေကို မြေဩဇာ ကျွေးရတယ်။ ပြော ရရင် ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေး တာဝန်တွေပဲဖြစ်ပါတယ်လို့ သမီးကရှင်းပြပါတယ်။

          စာရေးသူတို့ ငယ်ငယ်ကတော့ ဒီလို Club တွေမရှိသေးဘူး။ အသင်းတွေရှိတယ်၊ နေ့ရက် အလိုက် အသင်းတွေက အလံတင်/ အလံချ၊ သန့်ရှင်းရေးလုပ်၊ သောက်ရေဖြည့်စသဖြင့် လုပ်ကြရ တယ်။ ခုခေတ် ပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ ကလေးတွေ တာဝန်ယူစိတ်ရှိအောင် သင်ပေးတဲ့သဘော၊ အသင်းအဖွဲ့စိတ်ဓာတ် (Teamwork)နဲ့ စုပေါင်းလုပ်တတ်အောင်၊ ရေ ချွေတာ တတ်အောင်၊ လျှပ်စစ်မီး ချွေတာသုံးစွဲအောင်၊ အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်အောင်၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး သစ်ပင် စိုက်တတ်အောင်၊ ထိန်းသိမ်းတတ်လာအောင်ပါ စီစဉ် လေ့ကျင့်ပေးနေတာ အင်မတန်ကောင်းမွန်လှပါတယ်။

          “အားကစားနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရလဲ” မေးတော့ တစ်ပတ်မှာ ကာယချိန် (၃)ချိန် ရှိကြောင်း၊ (၂)ချိန်ကို အတန်းထဲမှာပဲ PTဆရာနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ် ကြရကြောင်း၊ ကျန် (၁)ချိန်ကိုတော့ အားကစားကွင်း၊ တန်းစီကွင်းကိုဆင်းပြီး အားကစားနည်းစုံ ဆော့ကစားကြကြောင်း၊ ယောကျ်ားလေးများကတော့ ဘောလုံးကန်ကြကြောင်း၊ နေ့စဉ် မုန့်စား ဆင်းချိန်မှာလည်း ဘောလုံးကန်ကြကြောင်း၊ မိန်းကလေးများကတော့ ကြိုးခုန်၊ အပြေးပြိုင်၊ မထွေးလေး၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေစတာတွေ ဆော့ကြကြောင်း ပြောပြပါတယ်။

ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားဟာ အရေးကြီးသလို ကိုယ်ခန္ဓာ ကာယ ဗလ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးတာမို့ စာလည်းသင်၊ ကျန်းမာရေးအတွက် PT ချိန်၊ အားကစား ချိန်လည်း ထည့်သွင်းထားတာဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကျောင်းဆင်းလို့ သမီးအိမ်ပြန်ရောက် လာရင် ချွေးတရွဲရွဲပါပဲ။

“သမီးတို့ မုန့်စားဆင်းချိန်ဆို ဘာလုပ်လဲ”မေးတော့…

“ထမင်းစားတယ်၊ တစ်ခါတစ်လေတော့ မုန့်ဝယ်စားတယ်၊ တစ်ခါတစ်လေ Reading Corner မှာ စာအုပ် ဖတ်တယ်” ပြောပါတယ်။

“Library စာကြည့်တိုက်ရှိလား” မေးတော့

“ရှိတယ်… Reading Corner လည်း ရှိတယ်” လို့ သမီးက ပြောပြပါတယ်။ သမီးပြောတဲ့ Reading Corner ဆိုတာကတော့ အတန်းအလိုက်အတွက် အဆင်ပြေတာကို တွေ့ရပါတယ်။ သို့ပေမယ့် တောကျောင်း၊ ဝေးလံဒေသကျေးရွာများရဲ့ကျောင်းတွေမှာတော့ ဒါမျိုး ရှိဖို့မလွယ်။ ကျေးရွာတွေကို ကွင်းဆင်းရင်း တွေ့နေမြင်နေရတာမို့ စာသင်ဆောင်တောင် ကောင်းကောင်းမွန်မွန် မရှိတဲ့ ကျောင်းတွေရှိနေသေးတာ သိနေသည်ကိုး။

          “သန့် (၄) သန့်နဲ့ ပတ်သက်ပြီး ဘာတွေသင်လဲ၊ ဘာတွေလုပ်လဲ”မေးတော့……

“ (၁)     လက်ကို သန့်ရှင်းနေအောင် အစာမစားမီ ဆေးရမယ်၊ အိမ်သာတက်ပြီး လက်ကို သန့်ရှင်းအောင်ဆေးရမယ်၊ ဆော့ကစားထားလို့ လက်ညစ်ပေနေရင်လည်း ဆေးရမယ်။ ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးရမယ်။

(၂)     ယင်နားစာတွေ မစားရဘူး။ သိုးနေတာ မစားရဘူး၊ ထမင်းကျန်ဟင်းကျန်များကို မစားရဘူး၊

(၃)     အိမ်သာကို သန့်ရှင်းအောင်ထားရမယ်၊ သန့်ရှင်းနေအောင် ဆေးကြောရမယ်၊

(၄)     သောက်ရေကို သန့်ရှင်းသော ရေကို သောက်ရမယ်”

ဟု သင်ကြောင်း ပြောပြသည့်အပြင်

“ ကျောင်းမှာ ရေသန့်စင်စက်လည်း ရှိပါတယ်။ မီးမီးကတော့ အိမ်ကထည့်ပေးတဲ့ ရေသန့်ကို သောက်တာပါ” လို့ သမီးက ပြောပြနေသေးတာ….။

          “သမီးတို့ ကျောင်းတက်ချိန် နိုင်ငံတော်သီချင်းဆိုရလား” မေးတော့ ငယ်ငယ်က ဆိုရကြောင်း၊ ခု မဆိုရကြောင်းနဲ့ “မြန်မာ့ကျောင်း” သီချင်းဆိုရကြောင်း ပြောပြတယ်။ ဆိုပြပါလားဆိုတော့ ဆိုပြ ပါတယ်……. 

“မြန်မာ့ကျောင်း”

  • မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်း ထင်လင်းရှိရမည်

စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည် (၂ ခေါက်)

ဝိရိယလည်း ရှိရမည်၊ ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်

  • အများရှုစရာ၊ သနားဂရုဏာ၊ တရားမှုမှာ ပိုပါသည်

ယဉ်ယဉ်ကျေးကျေး၊ လွန်သိမ်မွေ့ကြသည်

ပညာ တိုးတက်စေမည်၊ နိုင်ငံတန်ခိုးထွက်စေမည်

တို့အမျိုး ဇာနည်…. ပီပါပေသည်(၂ ခေါက်)

  • မြန်မာကျောင်းက ပညာရေး-ကျန်းမာရေး ညီ………။

အသံနေအသံထားမှန်မှန်နဲ့ ဆိုပြတော့ နားထောင်လို့ကောင်းသား။ ဒီသီချင်းကို စာရေးသူ မသိရိုးအမှန်ပါ။ ဘယ်သူရေးတာမှန်းလဲ မသိပါ။ သို့သော် အဓိပ္ပာယ် ပြည့်စုံကောင်းမွန်တာ တွေ့ရလို့ သဘောကျမိရပါတယ်။ “စည်းကမ်းအစ စာသင်ကျောင်းက”ဆိုသလို ရှေ့မှာတင်ပြခဲ့တဲ့ Club များရဲ့ ဆောင်ရွက်ချက်များ၊ စည်းကမ်းများကိုလည်း ထင်ဟပ်နေသလို၊ ဝီရိယ ရှိရန်၊ ကိုယ်ကျင့်တရား ကောင်းရန် ငယ်စဉ်ကလေးဘဝကစလို့ အခြေခံပညာကျောင်းမှာ သင်ကြားပေးနေတာကိုလည်း ဒီသီချင်းမှာ ဖော်ကျူး ထားတာကို တွေ့ရပါတယ်။

     ယဉ်ကျေးသိမ်မွေ့အောင် သီချင်းမှတစ်ဆင့် သွယ်ဝိုက်စွာ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ကျောင်းသား/သူဘဝ ငယ်စဉ်မှစ မြန်မာ့ယဉ်ကျေးမှုကို ဘဝသက်ဆုံးတိုင် ထိန်းသိမ်းသွားရန်၊ အများ လေးစားအားကျဂုဏ်ယူသူ၊ သနားကြင်နာတတ်၊ ဂရုဏာထားရှိတတ်သူများ ဖြစ်လာစေရန်၊ အချင်း ချင်း ရိုင်းပင်းကူညီ တတ်ရန်၊ အမှန်/အမှား ဝေဖန်ပိုင်းခြားတတ်စေရန်၊ တရားမျှတစွာ ပြောဆိုနေထိုင် တတ်စေရန်အတွက် အနာဂတ်ကြယ်ပွင့်လေးများ၊ အနာဂတ်ပန်းလေးများဖြစ်သော ကျောင်းသား/ သူလေးများကို ပန်းဥယျဉ်မှူး ဆရာ/ ဆရာမများ၏ပြုစုပျိုးထောင်ပေးနေသည့်ပုံရိပ်ကို ထင်သာ မြင်သာရှိစေတာ တွေ့ရပါတယ်။

လူတိုင်းလက်လှမ်းမီသည့် ပညာရေးစနစ်ဖော်ဆောင်မှုမူဝါဒအရ စာသင်ကျောင်းပညာရေးကို အားပေးသကဲ့သို့ ကျောင်းပြင်ပပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားရန်၊ လူတိုင်းသာတူညီမျှ ပညာသင်ယူခွင့်ရှိရေး၊ တိုင်းရင်းသားပညာရေးကို အလေးထားပံ့ပိုးရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကို အားပေးရေးနှင့် အလယ်တန်းအဆင့်အထိ သင်ကြားခွင့်ပြုရေး၊ မြန်မာစာ၊ မြန်မာစကားသည် ပြည်ထောင်စု၏တရားဝင်ရုံးသုံး၊ ကျောင်းသုံးစာပေဖြစ်သဖြင့် နိုင်ငံသားအားလုံး တက်မြောက်အောင် ဆောင်ရွက်ရေး၊ နိုင်ငံတစ်ဝန်း စာမတတ်သူပပျောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိတာတွေ့ရ ပါတယ်။ သို့မှသာ ဒေသအသီးသီးရှိ ဒေသခံများအပါအဝင် ကလေးတိုင်းလက်လှမ်းမီသည့် ပညာရေး စနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

     ထို့အပြင် နိုင်ငံတော်၏လူမှုရေးဦးတည်ချက်ပါ တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားသည့် အလျောက် ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်နိုင်ရန် လိုအပ်ပါတယ်။ ဗလငါးတန်ဆိုသည်မှာ-

  • ကာယဗလ   -    ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊
  • ဉာဏဗလ    -    အသိဉာဏ်ပညာစွမ်းပကား၊
  • စာရိတ္တဗလ  -    ကိုယ်ကျင့်တရား ကျင့်ဝတ်သီလစောင့်ထိန်းနိုင်မှုစွမ်းပကား၊
  • မိတ္တဗလ      -    ကောင်းသော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှုစွမ်းပကား၊
  • ဘောဂဗလ  -    ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုကို ဖန်တီးနိုင်မှုစွမ်းပကားတို့ပဲ ဖြစ်ပါတယ်။

ပညာတတ်မှ နိုင်ငံတိုးတက်မယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တိုးအောင် လုပ်ဆောင်နိုင်မယ်။ တိုးတက်မယ်။ မြန်မာနိုင်ငံက ကျောင်းတွေဟာ လက်ရှိသင်ကြားမှုစနစ်တွေအရ ပညာရေး တိုးတက်ရုံသာမကစည်းကမ်းကောင်းမွန်အောင်နဲ့ ကျန်းမာသန်စွမ်းအောင်လည်း လေ့ကျင့်သင်ကြား ပေးနေတာကို မြန်မာ့ကျောင်းသီချင်းမှာ ဖော်ကျူးထားတာ တွေ့ရပါတယ်။

ရှားရှားပါးပါး သမီးနှင့် စကားစမြည်အေးအေးဆေးဆေး ပြောခွင့်ရခိုက် ကျောင်းပညာရေး စနစ်၏ပြောင်းလဲလာမှုအရပ်ရပ်ကိုပါ သုံးသပ်မိရပါတယ်။

တကယ်တော့ ရုံးပိတ်ရက်များမှာ ခရီးစဉ်ဖြင့် မိသားစုရှိရာ ရန်ကုန်မြို့ ရောက်ဖြစ်တဲ့အခါ သားသားနဲ့ သမီးတို့ကို အေးအေးဆေးဆေး တွေ့ရဖို့ အချိန်ရရန် တော်တော်ခက်ခဲပါတယ်။ ကိုယ်က မအား၊ ကိုယ်အားရင် သူတို့က မအား၊ Online Class များက အချိန်ပြည့်နီးပါး…….။ အိုးမကွာ အိမ်မကွာနှင့် သင်ကြားနိုင်သည်က ကောင်းတော့ ကောင်းသား။ Covid-19 ကြောင့် ရခဲ့တဲ့ အခွင့်အလမ်းလို့ ဆိုလျှင်လည်း မမှား။ သို့သော်လည်း Internet မရတဲ့ဒေသက ကလေးငယ်များ၊ Computer အပါအဝင် IT ပစ္စည်းများ သုံးနိုင်ခြင်းမရှိသည့် ကလေးများအတွက် Digital Divide ဖြစ်နေတာ၊ အခွင့်အလမ်းတန်းတူမရနိုင်တာကို တွေးမိပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

တစ်နေ့နေ့တော့ တစ်နိုင်ငံလုံးရှိ ကလေးငယ်အားလုံး Internet Access ရရှိပြီး Online Class မှတစ်ဆင့် စာသင်နိုင်တဲ့နေ့၊ တန်းတူအခွင့်အရေး ရတဲ့နေ့ရောက်လာမှာပါ။ နိုင်ငံတစ်ဝန်းရှိ ကျောင်း အားလုံး ကျောင်းဖွင့်ချိန် ကျောင်းဖွင့်နိုင်အောင်၊ ကျောင်းတက်နိုင်အောင်၊ အေးချမ်းစွာ ပညာ သင်ကြားနိုင်အောင် လုပ်ကြရပါဦးမယ်။ Internet ရရှိခြင်းက ကလေးများအတွက် ကောင်းတာ ရှိသလို၊ မကောင်းတာတွေလည်း ရှိပါတယ်။ လမ်းမှားရောက်သွားနိုင်ပါတယ်။ Phone၊ Computer များ သုံးစွဲကြရာမှာ ကောင်းတာတွေရှိသလို၊ အများကြီးရှိပါတယ်။ မိဘများ၊ ဆရာများမှ သွန်သင်ဆုံးမ၊ ကြပ်မတ် လမ်းပြ တည့်မတ်ပေးနိုင်မှ တော်ကာကျပါတယ်။

အိမ်မှာတော့ သားနဲ့သမီး Online Classတက်ရင် TVနဲ့Joinထားပြီး လူကြီးများက စောင့် ကြည့်ပါတယ်။ အဝေးတစ်နေရာတွင် နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း မိဘတာဝန်ကျေပွန်အောင် ကြိုးစား ရသည်မှာ သိပ်တော့ လွယ်လှသည်မဟုတ်။ သားသမီးများ အတွေးအမြင်မှန်ကန်အောင်၊ ယဉ်ကျေး လိမ္မာအောင်၊ မိသားစုကို ခင်တွယ်တတ်အောင်၊ မိသားစုခင်တွယ်မှုမှတစ်ဆင့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရေ၊ ကိုယ်မြေကို တန်ဖိုးထားတတ်အောင်၊ ချစ်တတ်ခင်တတ်အောင် အခွင့်သင့်လျှင် သင့်သလို ပြောပြပေးရသည်ကပင် တစ်ခုတ်တစ်ရ လုပ်ရသည့်အလုပ်။

ကျောင်းနေရွယ်ကလေးများဆိုသည်က မိဘနှင့်နေရချိန်ထက် စာသင်ကျောင်းတွင် အချိန်ကုန် ရသည်က များသည့်အတွက် ကျောင်းစာသင်ခန်းများမှာ ကလေးများ၏ဘဝအစ ပျိုးထောင်ရာ ရပ်ဝန်းပင်တည်း။ “မအအောင်လို့ သမိုင်းသင်ရတာ” ဟု သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာ သန်းထွန်း ပြောသလိုပင် သမိုင်းဘာသာရပ်ကို မအအောင် သင်ကြားရခြင်းဖြစ်သကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့သည်လည်း စာသင်ကျောင်းက အစပြုရတာဖြစ်ပါတယ်။ ထို့ကြောင့်လည်း စာရေးသူ က သမီးကို “ကျောင်းမှာ နိုင်ငံတော်သီချင်း ဆိုရသလား” မေးမိ ခြင်းပင်။ “အတန်းငယ်တုန်းက တစ်ခါတစ်လေ ဆိုရတယ်” ဆိုတာနဲ့ “ဆိုပြပါလားဆိုတော့ သမီးက ဆိုပြပါတယ်….

"နိုင်ငံတော်သီချင်း"

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-

တို့ပြည်-တို့မြေ-

များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-

ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-

တို့ပြည်-တို့မြေ-

ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-​

အဓိဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။

(ကမ္ဘာမကျေ-မြန်မာပြည်-

တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)

ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။

ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။

တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ

ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ၊ အဖိုးတန်မြေ………….။

အမြဲမဆိုရပေမယ့် မှတ်မှတ်ရရ ရှိပြီး မမှားမယွင်း ဆိုပြနိုင်သည့်သမီးကို “တော်တယ်” ဟု ရိုးရှင်းပြီး မှတ်ရလွယ်ကူတာမို့ ဒီသီချင်း၏အနက်အဓိပ္ပါယ်ကို သမီး ရင်ထဲစွဲမြဲစေဖို့ အခွင့်ကြုံခိုက် ပြောပြလိုက်မိသေးတာ…

“မြန်မာနိုင်ငံ၊ တို့တိုင်းပြည်၊ တို့ပိုင်နက်မြေမှာ တရားမျှတမှု၊ လွတ်လပ်မှုတွေရှိတယ်။ နိုင်ငံသား၊ တိုင်းရင်းသားအားလုံးငြိမ်းချမ်းစေဖို့အတွက် တန်းတူညီမျှ အခွင့်အရေးများရှိတဲ့ ဖြူစင်တဲ့ မူဝါဒရှိတဲ့နိုင်ငံဖြစ်တယ်။ ပြည်ထောင်စုရဲ့အမွေ၊ ဘိုးဘွားပိုင်အမွေစစ် ဖြစ်တာကြောင့် နိုင်ငံသူ/ နိုင်ငံသားအားလုံးက တန်ဖိုးထားချစ်မြတ်နိုးပြီး အစဉ်အမြဲထာဝရတည်မြဲစေရန်အတွက် ထိန်းသိမ်းဖို့ အဓိဌာန်ပြုထားရမယ်။ တို့နိုင်ငံ၊ တို့ပြည်ထောင်စုကို နိုင်ငံသားတိုင်းက အသက်ပေးပြီး ကာကွယ် ရမယ်။ တို့တိုင်းပြည်၊ တို့ပိုင်နက်မြေရဲ့အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားပြည်သူအားလုံးက ညီညီ ညွတ်ညွတ် ထမ်းဆောင်ကြရမယ်။ အားလုံးရဲ့ တာဝန်ဖြစ်တယ် …

သမီးလေးရေ တို့ဘိုးဘွားအမွေဖြစ်တဲ့ တို့နိုင်ငံရဲ့ ပိုင်နက်မြေတွေကို မြတ်နိုးစွာ အမြဲတည်တံ့ အောင် ထိန်းသိမ်းရမှာ သားတို့၊ သမီးတို့၊ အဖေတို့မိသားစုအပါအဝင် ဒီနိုင်ငံမှာနေတဲ့ ဒီနိုင်ငံသား၊ သီးချင်းက ဖွင့်ဆိုထားတာဖြစ်တယ်ဆိုတာ သမီးသိအောင် ပြောပြလိုက်ရသလို သမီးကလည်း သေချာအာရုံစူးစိုက်နားထောင်နေတာ တွေ့ရတော့ ရင်ထဲကျေနပ်မိသွားပါတယ်။ နားထဲမှတစ်ဆင့် ရင်တွင်းရောက်အောင် နောင်လည်းအခွင့်ကြုံရင် ကြုံသလို ပုံတိုပတ်စ၊ သာဓကများဖြင့် ပြောပြ သွားဖို့ ခေါင်းထဲ တေးမှတ်ထားလိုက်ပါတယ်။

အခြေခံပညာအဆင့်သင်ကြားနေသောကလေးငယ်များမှသည် နိုင်ငံသားအားလုံးမှာ ကိုယ့် နိုင်ငံသားနှင့် ကိုယ်ပိုင်တဲ့မြေများကို တစ်လက်မမျှ အထိမခံရအောင် ကာကွယ်ဖို့ တာဝန်သိစိတ် ရှိကြဖို့ လိုအပ်ပါတယ်။ အားလုံး ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကာကွယ်ကြရမယ် ဆိုတဲ့ အသိစိတ်ရှိကြရမှာ ဖြစ်ပါတယ်။

ဇာတိသွေး၊ ဇာတိမာန် ရင့်သန်အောင်၊ အမျိုးကို ချစ်တတ်ပြီး ကိုယ့်ရေ ကိုယ့်မြေကို တန်ဖိုးထားကာကွယ်တတ်သည့်မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိအောင်၊ တာဝန်သိစိတ်ရှိအောင် ကလေး များကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးကြရပါမယ်။ နိူင်ငံမှာ အရေးကြုံရင် နိုင်ငံနဲလူမျိုးကို အသက်ပေးကာကွယ်ရမယ့် တာဝန်နှင့်အသိရှိပါမှ စည်းလုံးညီညွတ်စွာ ဘေးရန်တွေကို ကာကွယ် နိုင်မှာဖြစ်ပြီး ဒီအသိ ဒီမျိုးစေ့ဟာ ငယ်စဉ်ကတည်းက ပျိုးထောင်စိုက်ပျိုးပေးမှရမှာမို့ အားလုံးပဲ ကိုယ်တိုင်ကိုယ်စီတာဝန် အသိစိတ်ဓာတ်ဖြင့် ကျင့်ကြံကြသလို၊ အိမ်မှာရော ကျောင်းမှာပါ နိုင်ငံ့ သားကောင်းရတနာလေးများကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်နိုင်ကြပါစေဟု ဆန္ဒပြုရင်း... စည်းလုံးကြရဲ့လား၊ ညီညွတ်ကြရဲ့လား၊ တို့နိုင်ငံကို ချစ်ကြရဲ့လား၊ တို့ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ တို့မြေကို ကာကွယ်ဖို့ တို့နိုင်ငံသားတွေ တွေးဖြစ်ကြရဲ့လား…တွေးကြမှာပါ…အတွေးကို လက်တွေ့ လုပ်ဆောင်ကြရဲ့လား….မတွေးကြသူတေွ ရှိနေတာ… လက်တွေ့ မလုပ်ဆောင်ကြတာဟာ ဘာ ကြောင့်လဲ…မငြိမ်းချမ်းလို့များလား… ငြိမ်းချမ်းမှုရှိဖို့က အဓိက ဖြစ်မယ်ထင်ပါတယ်.. ငြိမ်းချမ်းဖို့ စည်းလုံးဖို့ တို့တွေဘယ်လိုပြန်တည်ဆောက်ကြမလဲ…”ဆိုတာပါပင်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm