Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ရေရှိရေးနှင့် ဆက်စပ်လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် QC/Work Done စစ်ဆေးမှု သင်တန်းဖွင့်ပွဲကျင်းပ


26 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဦးစီးဌာနရှိ ဝန်ထမ်းများ ကျေးလက်ရေရှိရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန်၊ စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် ရည်ရွယ်၍ ကျေးလက် ရေရှိရေးနှင့် ဆက်စပ်လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် QC/Work Done စစ်ဆေးမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေး ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေပြည်သူများအားလုံး ထိရောက်အကျိုးရှိသော၊ ကုန်ကျစရိတ်ခံနိုင် သော၊ တန်းတူညီမျှမှုကိုပေးသော၊ ကျေးရွာရေရှိရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများရရှိရေးစေရေး အတွက် မိမိတို့ ဦးစီးဌာနအနေဖြင့် ရေအရင်းအမြစ်များ၊ ရေပေးရေးပုံစံများ၊ အခြေခံ အဆောက်အအုံများကို စနစ်တကျ စီမံခန့်ခွဲခြင်းများကို အဓိကအခြေခံ အချက်တစ်ချက်အဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းတွင် ဌာနမှ အတွေ့အကြုံရှိ အရာထမ်းများနှင့် အခြား ဆက်စပ်ဌာနများက ကျွမ်းကျင်နည်းပြများမှ ကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများစံချိန် စံညွှန်းပြည့်မီရေး အရည်အသွေးစစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးမှုများစစ်ဆေးခြင်း နှင့် ဘဏ္ဍာရန်ပုံငွေများ ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး သတိပြုလိုက်နာရမည့် အချက်များကို သင်ကြားပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းပြီး မြောက်ပါက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များတွင် နည်းပညာများ ပြန်လည်မျှဝေပြီး ဦးစီး ဌာန၏ လက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချ ကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသော သင်တန်းသားသင်တန်းသူများက တစ်ဦးချင်း မိတ်ဆက် ကြကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးစိုးမောင်က ကျေးလက်ရေရှိရေး ရည်မှန်းချက်နှင့် မျှော်မှန်းချက်များကို သင်ကြားပို့ချပါသည်။

အဆိုပါ ကျေးလက် ရေရှိရေးနှင့် ဆက်စပ်လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် QC/Work Done စစ်ဆေးမှု သင်တန်းကို ဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၅)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက ကျေးလက်ရေရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများစံချိန် စံညွှန်းပြည့်မီရေး ခန့်မှန်းခြေစာရင်းရေးဆွဲခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးမှုများ စစ်ဆေးခြင်းနှင့် ဘဏ္ဍာရန်ပုံငွေများ ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီဖြစ်စေရေး သတိပြုလိုက်နာရမည့် အချက်များကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ  ၁ ရက် နေ့အထိ  ငါးရက်ကြာ  စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm