Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပဲခူးမြို့နယ် ရွာသစ်စံပြကျေးရွာ စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


23 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၃

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အတူ တာဝန် ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ သွားရောက်၍ စီမံကိန်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်ပေးထားသည့် စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်၊ ကျေးရွာ၏ အဓိကအားထားရသော စပါးစိုက်ပျိုးရေးနှင့် ရာသီသီးနှံစိုက်ပျိုးရေး လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျေးရွာအတွင်း အမှိုက်စွန့်ပစ်စနစ်နှင့် ကျေးရွာသို့လွှဲပြောင်းပေးသည့် အမှိုက်သိမ်းယာဉ်အားလည်းကောင်း၊ ရွာသစ်ကျေးရွာသူ ‌ကျေးရွာသားများ ထုတ်လုပ်ထားသော ကြိမ်၊ ဗေဒါ၊ ငှက်ပျောအခြေခံ လက်မှုကုန်ချောပစ္စည်းများအားလည်းကောင်း၊ Green House စနစ်ဖြင့် စိုက်ပျိုးထားသော သီးနှံများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

          ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်း အရှည်ပေ (၂၄၀၀) ဖောက်လုပ်ထားမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာစနစ် ကျေးလက်ရေရရှိရေးလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရွှေတန်ကျေးရွာဆက်လမ်း အရှည် (၅) ဖာလုံခွဲ ဂဝံခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းသည် ရွှေတန်‌ကျေးရွာအပါအဝင် ကျေးရွာ (၃) ရှိ အိမ်ခြေ (၅၄၀)၊ လူဦးရေ (၂၂၀၂) ဦး၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍများအပါအဝင် ဘက်စုံဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုမည် ဖြစ်သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျောက္ကဒင်-ရေကဒစ်ကျေးရွာချင်းဆက်လမ်း အရှည်ပေ (၄၄၆၀) ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းအနေဖြင့် ကျောက္ကဒင်-ရေကဒစ်ကျေးရွာများအပါအဝင် ကျေးရွာ (၅) ရွာရှိ အိမ်ခြေ (၉၉၄) အိမ်၊ လူဦးရေ (၄၁၅၅) ဦးနှင့် စိုက်ပျိုးမြေဧက (၂၅၀) ကျော်အား အကျိုးပြုမည် ဖြစ်သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက်များ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စုအတွင်းမှ  အိမ်ခြေ (၁၂၅၈) အိမ်၊ လူဦးရေ (၅၃၀၃) ဦးရှိသော ထိန်စွန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ခွင့်ပြုခဲ့သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ငွေများဖြင့် စိုက်ပျိုးထားသော ကင်းပွန်ချဉ်၊ ဆူးပုတ်၊ မုန်လာဥနှင့် ရာသီသီးနှံ စိုက်ခင်းများ၊ ကျေးရွာသူကျေးရွာသားများ၏ ကိုယ်ပိုင်စိုက်ခင်းများအား လိုက်လံကြည့်ရှုအားပေး ခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းလမ်း ပေ (၈၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ထိန်စွန်းကျေးရွာဘုန်းကြီးကျောင်းတွင် ‌ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm