Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် Good Brothers ကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲ အခမ်းအနား တက်ရောက်


20 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၀

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာ အုပ်စု၊ အင်ဘက်ကုန်းကျေးရွာရှိ အင်ဘက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် Good Brothers ကုမ္ပဏီလီမိတက်မှ ဖြန်ဖြူးရောင်းချသော လယ်ထွန်စက်ဖြင့် သမဝါယမလယ်ယာ ဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက အင်ဘက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်  ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ယခု အင်ဘက်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ အသင်းသား ၈၇ ဦး၏ လယ်မြေ ၁၉၇ ဧက ရှိသည့်အနက် စိုက်ဧက ၁၁၂ ဧကအား စက်မှုလယ်ယာဦးစီးဌာနမှ စနစ်တကျ လယ်မြေအဖြစ် ဖော်ထုတ်ထွန်ယက်ဆောင်ရွက် ပေးပြီးဖြစ်ပါကြောင်း၊ ကျန်စိုက်ဧက ၈၅ ဧကကို Good Brothers ကုမ္ပဏီပိုင် လယ်ထွန်စက်များ အပါအဝင် သမဝါယမအသင်းပိုင်၊ အသင်းသားပိုင်ထွန်စက်များဖြင့် မြေယာပြုပြင်ပေးခြင်းများကို သရုပ်ပြဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ထွန်ယက်ပြီး စိုက်ဧကများတွင် အထွက်တိုး စပါးမျိုးများ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် စိုက်ပျိုးရေရရှိရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာသီအမီ စိုက်ပျိုးရာတွင် အခက်အခဲများမဖြစ်ပေါ်စေရေး စုပေါင်းထွန်ယက်ခြင်း၊ စုပေါင်း စိုက်ပျိုးခြင်း၊ စုပေါင်းရိတ်သိမ်းခြင်းများ ဆောင်ရွက်မှသာ ပန်းတိုင်အထွက်တိုး ပြည့်မီအောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး စုပေါင်းရောင်းချခြင်းများကို အတူတကွ လုပ်ဆောင်ကြရန်မှာကြား လိုပါကြောင်း၊ သမဝါယမကဏ္ဍမှ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခု၊ မြို့နယ်(၁၂၅)မြို့နယ်၊ အသင်းပေါင်း (၁၄၃)သင်းမှ ထွန်စက်ကြီး (၄၂၇)စီး၊ အခြားစက်(၃၆)စီး၊ စုစုပေါင်းစက်စီးရေ (၄၆၃)စီးဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ လယ်ယာမြေ (၁၃၀၀၀၀)ဧကကို ထွန်ယက်ပေးနိုင်ခဲ့ပါကြောင်း၊ သမဝါယမအသင်းသား တောင်သူ များ စုပေါင်းထွန်ယက်စိုက်ပျိုးခြင်းဖြင့် ရာသီသီးနှံများ အချိန်မီ တစ်ပြိုင်နက်တည်း စိုက်ပျိုးနိုင်ကာ ထွက်ရှိလာသည့် အချိန်တွင်လည်း တစ်ပြိုင်နက်တည်းထွက်ရှိလာပြီး ရိတ်သိမ်းသည့်အခါ တစ်ဆက်တစ်စပ်တည်း ရိတ်သိမ်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ ယခုလို သမဝါယမ လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့်လည်း ယခုလို နိုင်ငံတော်နှင့် သမဝါယမကဏ္ဍများမှလည်းကောင်း၊ ကုမ္ပဏီများမှလည်းကောင်း လာရောက်ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသည့်အချိန်တွင် မိမိတို့၏ လယ်ယာများ အထွက်တိုး နိုင်ရေးအတွက် အားသွန်ခွန်စိုက် စုပေါင်းညီညာစွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား ပါသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ တိုးတက် မြင့်မားလာစေရေး၊ စာနပ်ရိက္ခာဖူလုံစေရေးနှင့် ထွန်ယက်စိုက်ပျိုးစရိတ်လျော့ချနိုင်ပြီး အထွက်တိုး စေရေး၊ သီးနှံအရည်အသွေးမြင့်မားစေရေးတို့အတွက်  နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးမျိုးများ အထွက်တိုးစေရေး မျိုးကွဲများ မများစေဘဲ အထွက်အတိုးစပါးမျိုးများကိုသာ စိုက်ပျိုးကြရန်နှင့် အခြားဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တိုးချဲ့စိုက်ပျိုးကြရန်မှာကြားလိုပါကြောင်း၊ သီးထပ် သုံးသီး စိုက်ပျိုးနိုင်သော စိုက်ပျိုးမြေများတွင် ဒေသနှင့်ကိုက်ညီသော ဈေးကွက်ဝင်သော သီးနှံများ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ Kubota Myanmar ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ၎င်းတို့၏ ကုမ္ပဏီမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာ များနှင့် တင်သွင်းရောင်းချမှု အခြေအနေများအားလည်းကောင်း၊ Good Brothers ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက ၎င်းတို့၏ ကုမ္ပဏီမှ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာနှင့် တင်သွင်းရောင်းချမှုနှင့် ပြင်ဆင်ထိန်းသိမ်းရေးဝန်ဆောင်မှု (Service) ပေးနေမှု အခြေအနေများ အား လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမ အသင်းသား တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူ နိုင်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အသင်းသားတောင်သူများမှ သိရှိလိုသည်များ မေးမြန်းချက်များပေါ် သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ထွန်စက်များ သမဝါယမ လယ်ယာ ဝန်ဆောင်မှု ထွန်ယက်သရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီးနောက် အသင်းသားတောင်သူ များ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုယ်တွင်အသုံးပြုနိုင်ရေး လိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန်လိုအပ်ကြောင်း၊ အပိုပစ္စည်း(Spare Parts)များ အလွယ်တကူရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm