Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းနှင့် ပိုက်ပြင်ပိုက်ဆက်ကျွမ်းကျင်သင်တန်းဆင်းပွဲကျင်းပ


19 Feb,2024

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံလျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းနှင့် အခြေခံပိုက်ပြင်ပိုက်ဆက် ကျွမ်းကျင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ မိမိတို့ ဦးစီးဌာနအနေဖြင့် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးပွားရေးစသည့် ရည်ရွယ်ချက်များနှင့်အညီ နည်းပညာပေးသင်တန်းများပို့ချပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်းနှင့် စနစ်တကျလုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယခု ဖွင့်လှစ်ပေးခဲ့သော သင်တန်းသည် စက်မှုလုပ်ငန်းများ၏ အခြေခံဖြစ်သော လျှပ်စစ်နည်းပညာများ သိရှိနားလည်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းမှ အစပြု၍ မိမိတို့ဌာနဆိုင်ရာအသီးသီးရှိ လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများ၌ စနစ်တကျသွယ်တန်းတပ်ဆင်နိုင်ခြင်း၊ ရေပိုက်နှင့်ပတ်သက်သော လုပ်ငန်းများတွင်လည်း ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ လျှပ်စစ်နှင့်ရေပိုက်ပစ္စည်းများကိုလည်း အန္တရာယ်ကင်းရှင်းစွာကိုင်တွယ်နိုင်ပြီး ယခုပညာရပ်များကို အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်တစ်ခုအဖြစ် အသုံးချဆောင်ရွက်လုပ်ကိုင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစွမ်းရည်ရှိမှ မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်မည်ဖြစ်၍ စွမ်းရည်ရှိရန်နှင့် စွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်ခဲ့သော သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ သင်တန်းသား (၁၀)ဦးအား လျှပ်စစ်အခြေခံ သဘောတရားများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်း များ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ရာတွင် လိုအပ်သော တွက်ချက်ပုံ အဆင့်ဆင့်၊ လျှပ်စစ်သွယ်တန်း နည်းအမျိုးမျိုး၊ ရေပိုက်အမျိုးမျိုး ရွေးချယ်တပ်ဆင်ခြင်း၊ ရေပိုက်ဆက်နည်း၊ ရေပိုက်ကွေးနည်းနှင့် ရေဗားများ ရွေးချယ်အသုံးပြုတပ်ဆင်နည်းတို့ကို စာတွေ့(၃၀%) ၊ လက်တွေ့ (၇၀%) သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm