Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ယွန်းပညာကောလိပ် (ပုဂံ) ၏ နှစ် (၁၀၀) ပြည့်အခမ်းအနားသို့ တက်ရောက်


18 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၁၇

          မြန်မာ့ယွန်းထည်လုပ်ငန်းအတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ် ပျိုးထောင်ပေးရန်၊ ယွန်းထည်လုပ်ငန်းအတတ်ပညာ သင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်း များနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စီးပွားရေးပညာ တတ်ကျွမ်းနားလည် သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၂၄ ခုနှစ်မှ စ၍ မြန်မာ့ရိုးရာယွန်းပညာရပ်များ သင်ကြားပို့ချနေသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)၏ နှစ်(၁၀၀) ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင် ဇော်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ယွန်းပညာရှင်များနှင့် ယွန်းလုပ်ငန်းရှင်များ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ယွန်းပညာကောလိပ်(ပုဂံ)၏ နှစ် (၁၀၀) ပြည့်အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး တို့က အမှာစကားပြောကြားသည်။ ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးတို့က အထိမ်းအမှတ် မှော်ကွန်းကျောက်စာ တိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမ များ၊ ယွန်းလုပ်ငန်းရှင်များ၏ လက်ရာယွန်းထည်ပစ္စည်းများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ကောလိပ်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ မြန်မာ့ရိုးရာယွန်းအနုပညာရပ်များကို အစဉ်ထိန်းသိမ်းရေး၊ ယွန်းအနုပညာလက်ရာ ပစ္စည်းများကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံအသီးသီးက သိရှိစေရေးအတွက် ယွန်းပညာရှင် ကျောင်းသားကျောင်သူများ စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကောလိပ်ဝင်းအတွင်းရှိ သစ်အခြေခံ ထည်၊ ဝါးအဖြူထည်၊ သားရိုးပန်းကြွယွန်း သင်တန်းဆောင်များ၊ ကွန်ပျူတာခန်းမ၊ ပန်းပု(မို) ခန်းမနှင့် ကောလိပ်စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် မြင်းကန်ကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သော တစ်လုံးထိုး အင်ဂျင်ပြင်သင်တန်း (အခြေခံနှင့်မွမ်းမံ)သို့ တက်ရောက်ခဲ့သည့် ဦးဌေးဝင်းနှင့်အဖွဲ့အား တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကျေးရွာသားများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း များဖြစ်သော မုန်လာဥ၊ နှမ်း၊ ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝကို မြင့်မားအောင် ကြိုးစားကြရန်၊ အဂတိတရားနှင့် ပါတီနိုင်ငံရေး ကင်းရှင်းကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ဝန်ထမ်း သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန် တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm