Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် ရွှေထွန်းကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲ အခမ်းအနား တက်ရောက်


17 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၁၇

          နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာရှိ ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းနှင့် ရွှေထွန်းကုမ္ပဏီလီမိတက်မှ ဖြန်ဖြူးရောင်းချသော လယ်ထွန်စက်ဖြင့် သမဝါယမ လယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများဝင်ငွေ တိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ သမဝါယမကဏ္ဍအတွက် တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခု၊ မြို့နယ်(၈၉) မြို့နယ်၊ သမဝါယမ အသင်းပေါင်း(၂၉၀)သင်းမှ နွေစပါး(၄၄၇၇၆)ဧကအား  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးလျက် ရှိပါကြောင်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခု၊ မြို့နယ်(၁၂၅)မြို့နယ်၊ အသင်းပေါင်း (၁၄၃)သင်းမှ ထွန်စက်ကြီး (၄၂၇)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၉၃)စီး၊ အခြားစက် (၃၆)စီး စုစုပေါင်းစက်စီးရေ (၅၅၆)စီးဖြင့် ယခုနှစ်၊ ဇန်နဝါရီလအထိ လယ်ယာမြေ (၄၅၀၇.၈၅) ဧက ထွန်ယက်ပေးနိုင်ခဲ့ပြီး မိုးစပါး(၂၁၄၄.၀၃) ဧက ရိတ်သိမ်းခြွေလှေ့ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ထောက်ပံ့ငွေဖြင့်  တိုင်းဒေသကြီး/ပြည်နယ် (၁၂)ခုရှိ သမဝါယမအသင်းနှင့် အသင်းသားများသို့ ဒေဒေါင်းလယ်ယာသုံးစက်ကိရိယာ(၁၁၉)စီးနှင့် ဆက်စပ် ပစ္စည်းများ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ လယ်ယာသုံး စက်ကိရိယာများဖြင့် သမဝါယမအသင်းများပိုင် လယ်ယာမြေများနှင့် အခြားအသင်းသား/တောင်သူများ၏ လယ်ယာမြေများကိုပါ ထွန်ယက်ပေးနိုင်ခဲ့သဖြင့် ဝင်ငွေရရှိခြင်း၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးမြေ များကို စိုက်ပျိုးချိန်အမီ ထွန်ယက်နိုင်ခြင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းဖြင့် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ ပါကြောင်း၊ ယခု ရွှေထွန်းကုမ္ပဏီလီမိတက်မှ ပံ့ပိုးပေးမည့် Mahindra ထွန်စက်(၁)စီးအပါအဝင် နေပြည်တော်ကောင်စီနယ်မြေတွင် သမဝါယမအသင်းပိုင် ထွန်စက်(၄)စီး၊ နိုင်ငံတော်မှ ပံ့ပိုးပေးထားသည့် ထွန်စက်(၂၁)စီးနှင့်  John Deere ကုမ္ပဏီမှ ပံ့ပိုးပေးထားသည့် ထွန်စက်(၁)စီး၊ စုစုပေါင်း ထွန်စက်(၂၇)စီး ဖြင့် နွေစပါးစိုက်ပျိုးမည့် အသင်းသား တောင်သူများ၏ လယ်မြေများအား သက်သာသောနှုန်းဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နွေစပါး စိုက်ပျိုးမည့် အသင်းသားတောင်သူ များအနေဖြင့် အတူတကွထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ BOD များက ဦးဆောင်၍ အထွက်နှုန်းကောင်းသည့် မျိုး၊ သွင်းအားစုများအား စုပေါင်း ဝယ်ယူခြင်း၊ စုပေါင်းထည့်သွင်း ခြင်း၊ စုပေါင်းရိတ်သိမ်းခြင်း၊ စုပေါင်းရောင်းချခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များကိုလည်း အသင်းသားများစိုက်ပျိုးသည့် ဧကအလိုက် ခွဲဝေဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ လိုအပ်သည့် သွင်းအားစုများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍ သွင်းအားစုများ ပံ့ပိုးခြင်းအပြင် အသင်းသားတောင်သူများ စိုက်ပျိုးလိုသည့် မျိူးစပါး၊ ထပ်မံလိုအပ်သည့် သွင်းအားစု၊ စိုက်ပျိုးကုန်ကျစရိတ် များနှင့် စက်ကိရိယာငှားရမ်းပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

                   ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ရွှေထွန်းကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းလတ်က လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချမှု အခြေအနေ များအားလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသားတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အသင်းသားတောင်သူများမှ သိရှိလိုသည်များ မေးမြန်းချက်များပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသင်းသား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ထွန်စက်များ သမဝါယမ လယ်ယာ ဝန်ဆောင်မှု ထွန်ယက်သရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီးနောက် အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမ အသင်းစုများ၊ ရွှေထွန်းကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm