Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေ၊ ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ၊ ရှားတောကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် သမဝါယမအသင်သားတောင်သူများထံ မျိုး၊ သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲများသို့ တက်ရောက်


09 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၉

          (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားနှင့် တပ်ကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနား၊ တပ်ကုန်းမြို့နယ်၊ ဂွေးပြင်စံပြကျေးရွာမှ သမဝါယမအသင်းသားတောင်သူများထံ မျိုး၊ သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာများ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တာဝန် ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရွာမကျေးရွာ အုပ်စု၊ ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်းအရှည် ပေ (၆,၂၀၀) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။

          ယင်းနောက် အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြော ကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်နဲ့မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချ နိုင်ရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ရည်မှန်းချက်များနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ရဲ့ ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား ပေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များအား အချိန်ကုန်သက်သာ လွယ်ကူစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန် ကုန်ထုတ်လမ်းများ ဖောက်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာ နှစ်အလိုက် လျာထားဆောင်ရွက်ပေးနေပါကြောင်း၊ ယခုဖွင့်လှစ်ပေးလိုက်သည့် ကုန်ထုတ်လမ်းကို ကျေးရွာသူကျေးရွာသားများက အကျိုးရှိရှိ အသုံးပြုပြီး တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း၊ တစ်ရပ် ကွက်ချင်း၊ တစ်မြို့ချင်း အဆင့်ဆင့်ဖွံ့ဖြိုးရေးအတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

          ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ရှင်လင်းပြောကြား သည်။ ထို့နောက် ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် တပ်ကုန်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ဥတ္တရသီရိမြို့ဆက် လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်း အရှည် ၁ မိုင် ၁ ဖာလုံ ဖွင့်ပွဲအခမ်း အနားကို ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်ပြီး ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဟာ ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံ နေတာကြောင့် ကျေးလက်လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုဟာ အဓိကအရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများရဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်ကုန်များ၊ သွင်းအားစုများ တစ်နှစ်ပတ်လုံး သယ်ယူ ပို့ဆောင်ရောင်းချနိုင်ဖို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်တဲ့လမ်းများ လိုအပ်လျက်ရှိသောကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ “၂၀၃၀ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာရည်မှန်း ချက်” ချမှတ်ပြီး အောင်မြင်အောင် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်း” အရှည် (၁/၁) မိုင်၊ လမ်းအကျယ် (၁၂) ပေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်၍ တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာမှ အိမ်ခြေ (၁၀၀၀)၊ လူဦးရေ (၄၀၉၆) ဦးတို့ တိုက်ရိုက် အကျိုးခံစားရစေတဲ့အပြင် စိုက်ဧက(၄၂၀)ကိုပါ လွှမ်းခြုံအကျိုးပြုစေတဲ့အတွက် ကျေးရွာနေပြည်သူများရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူပြုစေမှာ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေး စနစ်တကျသုံးစွဲပြီး ဝိုင်းဝန်းထိန်းသိမ်းကြဖို့နဲ့ ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းစောင့်ရှောက် သွားဖို့၊ ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်းသာ ဖြတ်သန်းမောင်းနှင်ကြဖို့ တိုက်တွန်း မှာကြားသည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးက လမ်းသစ်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူး တင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာတွင် ဆောင်ရွက်နေသည့် ချောင်းပိတ်မြောင်းပိတ် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ ပူးပေါင်းချိတ်ဆက်ကာ ဆိုလာရေတင်စနစ်များ၊ စက်ရေတွင်း စနစ်များ၊ ချောင်းပိတ်မြောင်းပိတ်စနစ်များဖြင့် တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူ များ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် ယခုလုပ်ငန်းမှရရှိသော စိုက်ပျိုးရေကို အကျိုးရှိရှိ အသုံး ချပြီး အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ကြောင်း မှာကြာပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာသို့ သွား ရောက်၍ စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများထံ မျိုးစပါးနှင့် သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ခေတ်မီစံပြကျေးရွာ (Smart Village)အဖြစ် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် တပ်ကုန်း မြို့နယ်၊ ဂွေးပင်စံပြကျေးရွာမှ သမဝါယမအသင်းသား တောင်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးသွားမည်ဖြစ်၍ အသင်းသားတောင်သူများက ထိရောက်စွာအသုံးချပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားကာ မျိုးစပါးများ၊ သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က အသင်းသား တောင်သူများထံ မျိုး၊ သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် သမဝါယမအသင်းသားတောင်သူများကိုယ်စား အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ အဆိုပါအခမ်းအနားတွင် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ငွေကျပ် (၂၈၈) သိန်း တန်ဖိုးရှိ မျိုးစပါး၊ ပုလဲမြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm