Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ် ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေး


09 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၈

          (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မကွေး-နေပြည်‌တော်လမ်းမှ ဘုရားပြို (မြောက်) နှင့် (တောင်) ကျေးရွာ ကွန်ကရစ်လမ်း အရှည် ၁ မိုင် ၅ ဖာလုံဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက် သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခမ်းအနားဆိုင်းဘုတ်အား စက်ခလုပ် နှိပ်ဖွင့်လှစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယင်းနောက် အခမ်း အနားအစီအစဉ်အရ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တို့က အမှာစကား ပြောကြားခဲ့ကြသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပေပင်ရိုး-ပုဂံမျှော်လမ်း အရှည် ၆ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ မြို့နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာ (၃) ရှိ အိမ်ခြေ (၄၄၂) အိမ်မှ လူဦးရေ (၂၁၉၇) ဦးတို့၏ ပညာရေး ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအတွက် များစွာအထောက်အကူပြုမည် ဖြစ်သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး သည် ပေပင်ရိုး-ပုဂံမျှော် ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm