Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တောင်မန်းခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


08 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၇

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဝန်ထမ်းများ နှင့်တွေ့ဆုံကာ မကွေးတိုင်း သမဝါယမဦးစီးဌာနရုံးအနေဖြင့် အောင်လံမြို့နယ်၊ ချောင်းကောက် ကျေးရွာတွင် အောင်ကောင်းမြတ် မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း မှ ဆောင်ရွက်နေသော နှမ်းရိုးအခြေခံသဘာဝမြေဩဇာလုပ်ငန်းကို အောင်မြင်အောင် ကြီးကြပ် ဆောင်ရွက်သွားရန် လိုကြောင်း၊ ယင်း သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသည် မကွေးတိုင်း ဒေသကြီးအတွင်းရှိ နှမ်းစိုက်တောင်သူများအတွက် အမှန်တကယ် အကျိုးရှိသောလုပ်ငန်း ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် သင်တန်းများပို့ချရာတွင် ဒေသအခြေအနေနှင့်ကိုက်ညီသော သင်တန်းများကိုသာ ရွေးချယ်သင်ကြားပေးရေး၊ ဦးစီးဌာန အလိုက် ဆောင်ရွက်နေသော ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ကြပ်မတ် ဆောင်ရွက်ကြရေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေ သော စာသင်ဆောင်၊ အိပ်ဆောင်များ၊ ရေစုကန် ဖူဆယ်ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သီရိရတနာ ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပြည်‌ထောင်စု စိတ်ဓာတ်ခိုင်မြဲရေး၊ ထမင်းသစ္စာအဓိဌာန်ကို နေ့စဉ်ရွတ်ဆိုရေး၊ ဒုတိယနှစ် သင်တန်းသား သင်တန်း သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေးအတွက် လာမည့် အရည်အချင်းစစ်စာမေးပွဲကို ‌အောင်မြင်အောင် ကြိုးစားဖြေဆိုကြရေး တိုက်တွန်းမှာကြားသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မင်းဘူး မြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် တောင်မန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူးက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက မိုးစပါးစိုက်ဧက (၁၂၂၁) ရှိသည့်အတွက် အထွက်တိုးစပါးမျိုးများ ရယူစိုက်ပျိုး‌၍ ပန်းတိုင်အထွက်နှုန်းတိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီမံကိန်း သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးရေး မှာကြားခဲ့သည်။ ဆက်လက်ပြီး  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းဆင်း သင်တန်းသူများ၏ ချုပ်ထည်လက်ရာများအားလည်းကောင်း၊ သင်တန်းသူ မလဲ့လဲ့ကြည်၏ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အပ်ချုပ်ဆိုင်အားလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ (၂) ရွာ၊ အိမ်ခြေ (၉၂၇) အိမ်၊ လူဦးရေ (၄၃၉၃) ဦးကို အကျိုးပြုမည့် ကုန်းသာကျေးရွာနှင့် တောင်မန်း ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၅ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွား ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တွေ့ဆုံကာ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက် နေသည့် သမဝါယမလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm