Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်းနှင့် ကျေးရွာချင်းဆက်တံတားများဖွင့်လှစ်


06 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၆

          (၇၇) နှစ်မြောက်ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား၊ ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတား ဖွင့်ပွဲအခမ်းအနားနှင့် ကျိုက်လတ်မြို့နယ်၊ ဂွေးချောင်းကြီးတံတားဖွင့်ပွဲ အခမ်းအနားများကို  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစု ကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက (၇၇)နှစ်မြောက် ပြည့်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစု ကျေးရွာ ဆိုလာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက် မခွဲခြားဘဲ လူတန်းစားအားလုံး လျှပ်စစ်စွမ်းအင် သုံးစွဲ နိုင်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်သည့်  လျှပ်စစ်မီးလင်းရေးကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် သူဌေးကုန်- တာပြတ်- ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားစနစ်မှာ ဆိုလာ ၁၆၈ ဒသမ ၉၆ ကီလိုဝပ်၊ အရံဒီဇယ်အင်ဂျင်စနစ် ၁၁၂ ကီလိုဝပ်ပါဝင်ပြီး စီမံကိန်းကို နိုင်ငံတော်ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ကာ ZLT Super Electrical ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ခဲ့ကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်အကျိုးခံစားခွင့် ရရှိနိုင်မှာ ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လူနေမှုအဆင့် အတန်းကို မြင့်မားစေရုံသာမက ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်သည့်အပြင် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင် နိုင်မည့် အခွင့်အလမ်းများကိုပါ တစ်ပါတည်းရရှိလာစေမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခု စီမံကိန်းဆောင်ရွက်ရာတွင် ဒေသတည်ငြိမ်အေးချမ်းမှု၊  ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့၏ ပံ့ပိုးမှု၊ ကုမ္ပဏီ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးခဲ့ကြောင်း၊ လက်ငင်းအကျိုး ခံစားမှုအနေဖြင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲများ မဖြေဆိုမီ ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ယခု မီးလင်းရေးစနစ် ရေရှည်တည်တံ့ အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစား အားထုတ်ကြစေလိုပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ သူဌေးကုန်-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓါတ်အားပေးစနစ်ကို တာဝန်ယူ တည်ဆောက်ခဲ့သော ZLT Super Electrical ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာက ယခု ဆိုလာအသေးစားဓါတ်အားပေးစနစ်မှာ Grid Ready စနစ်ဖြစ်ပြီး ကြိုတင်ငွေဖြည့် စမတ် မီတာစနစ်(Prepaid Smart Meter)ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေ များကိုရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက မီးလင်းရေးစနစ် ရေရှည်တည်တံ့အောင်မြင်စေရေး ကျေးရွာအနေဖြင့်  ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်မီတာခနှုန်းထား များအတိုင်း တာဝန်ကျေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားပါသည်။

ထို့နောက် ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊  ZLT Super Electrical ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

 ထို့နောက် မီးလင်းရေးစက်ရုံ ကဗ္ပည်းမော်ကွန်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီးဆိုလာ အသေးစားဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓါတ်အားသွယ်တန်းထားမှု အခြေအနေ များကြည့်ရှုစစ်ဆေးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်းများဟာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာ အခြေခံနေတာကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ အဓိက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့အတွက် ရည်မှန်းချက်များ၊  မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက် လမ်းကွန်ယက်များဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယနေ့ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်သည့် “သလိပ်ကြီးတံတား”ဟာဆိုရင် တံတားအရှည် (၁၆၀) ပေ၊ တံတားအကျယ် (၂၀)ပေရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားတဲ့ တံတားအမျိုးအစားဖြစ်ပါကြောင်း၊ တံတားခံနိုင် ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြု သွားနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုလို စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည် တံ့ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများအနေဖြင့့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အချိုးကျကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးဟာ အဓိကကျလျက်ရှိပါကြောင်း၊ ယခု သလိပ်ကြီး- တူးမြောင်း- ဂျိုဝါကြံခင်းကျေးရွာချင်းဆက် လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတား တည်ဆောက်နိုင်မှုကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၂၇) ရွာရှိ အိမ်ခြေ(၅၀၁၉) အိမ်၊ လူဦးရေ (၂၂၃၈၄ ) ဦးကို တိုက်ရိုက်အကျိုးပြုနိုင်မှာဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ဧက (၁၅၀၀၀)ကျော်မှ ထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီး ဌာနများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန် ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိ ပါကြောင်းနှင့် တံတားရေရှည် တည်တံ့ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ်က တံတား တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက တံတား တည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကျေးရွာချင်းဆက် တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက  ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖြန်းကာ တံတားအားဖြတ်သန်း ကြည့်ရှုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌(၇၇) နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီးကျေးရွာအဝင် လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားအားဖြတ်သန်း ကြည့်ရှု ကြပါသည်။ အဆိုပါ ဂွေးချောင်းကြီးကျေးရွာအဝင် ကွန်ကရစ်တံတားသစ်မှာ အရှည်ပေ ၅၀ အကျယ် ၂၀ ပေရှိပြီး ပတ်ဝန်းကျင် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၁၂၄၀ ၊ လူဦးရေ ၅၅၁၅ ဦးတို့ကို တိုက်ရိုက် အကျိုး ခံစားခွင့် ရရှိမှာဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးဧက ၅၄၀၀ ကျော်ကိုပါ လွှမ်းခြုံ အကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော် အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူ များစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်း လာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm