ဘားအံ ဇန်နဝါရီ ၃၀
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ခြံကလေး - ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ခြံကလေးကျေးရွာရှိ အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ကရင် - မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ-ဇာသပြင် အဖြောင့်လမ်းကို ချိတ်ဆက်ထားသည့်လမ်းဖြစ်သည့်အတွက် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းလည်းဖြစ်ကာ ကျေးလက်နေပြည်သူများ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများ ပြည့်စုံကောင်းမွန်ပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေများ တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ) က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ခြံကလေး - ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ လမ်းကိုဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။ ခြံကလေး - ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ညွှန်ကြား မှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၂၉၉ ဒသမ ၆၇၈ သန်းဖြင့် ၁၄ ပေ အကျယ် ကွန်ကရစ်လမ်း ၆ ဒသမ ၅ ဖာလုံ၊ ငါးပေ အကျယ် Box Culvert တစ်စင်းတို့ကို ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကရင် – မွန် ပြည်နယ်ချင်းဆက်လမ်းဖြစ်သော ဘားအံ - ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူ ဦးနိုင်ဝင်းအောင်၏ ကာကီကင်းဘဲ ကောင်ရေ ၁၃၇၀၀ နှင့် တောင်သူ ဒေါ်မိကြည်သန်း၏ အသားတိုးဝက် အကောင် ၂၀၀ မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်နွယ်ရီ က ဘားအံမြို့နယ် ဇာသပြင်အနောက်ကျေးရွာရှိ မြေဧရိယာ ၂၈ ဒသမ ၅ ဧကပေါ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေရယူ၍ ဥစားဘဲနှင့်အသားတိုးဝက် မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေ ရိက္ခာဖူလုံပိုလျှံရေး အတွက် လက်ရှိမွေးမြူသည့် အကောင်ရေထက် ပိုမိုတိုးတက်မွေးမြူထုတ်လုပ်ကြရန်၊ တိရစ္ဆာန်အစာကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်၊ တောင်သူများတင်ပြသည့် ငါး၊ စပါးစိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန် မြေပြင်ကွင်းဆင်းစိစစ် တိုင်းတာ၍ ပြန်လည်တင်ပြပေးကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥစားဘဲခြံများနှင့် အသားတိုးဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ - ဇာသပြင်အဖြောင့်လမ်းမကြီးဘေး တောင်သူကုန်း ကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဦးစောအောင်မြင့်တင်၏ အစုအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသော ငါးမွေးကန် ခုနစ်ကန် ဧရိယာ ၇၄ ဒသမ ၈ ဧကတွင် ငါးတန်၊ ငါးမုတ်၊ တီလားပီးယား၊ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ အစရှိသော ငါးမျိုးများမွေးမြူထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစုံမိုင်းက ငါးမွေးကန်များအလိုက် မွေးမြူဆောင်ရွက်ထားမှု အခြေအနေ၊ ငါးမွေးကန်များ ဆက်လက်တူးဖော်မွေးမြူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆိုပါ ငါးမွေးကန်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်