Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဝဲကြီးကျေးရွာ ဆိုလာစနစ်စိုက်ပျိုးရေရရှိရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု


01 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု ဝဲကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် Mobile Solar စနစ် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းနှင့် ၎င်းလုပ်ငန်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသာ ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ဝဲကြီး ကျေးရွာခရီးစဉ်တွင် တောင်သူများ၏ တင်ပြချက်အရ ရွှေပြည်သာကျေးရွာအုပ်စု၊ ဝက္ကမူကျေးရွာ အနီး ပလွေးချောင်းအား Geotextile နည်းစနစ်ဖြင့် ချောင်းပိတ်မြောင်းပိတ် ပြုလုပ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက 2.16 KW ဆိုလာ (၂) စုံဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးဧက ၆၄.၃၃ ဧကတွင် ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို သုံးရာသီစလုံး စိုက်ပျိုးလျက်ရှိသည်။

           ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရွှေပြည်သာကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာနှင့် သာယာစု ကျေးရွာတို့မှ သမဝါယမအသင်းသားများ၊ တောင်သူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနက ဆောင်ရွက် ပေးထားသော ဆိုလာရေတင်စနစ်အား ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တောင်သူများ ကိုယ်တိုင် ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ ဆိုလာစက်ပစ္စည်းများနှင့် ချောင်း ပိတ်ဆည်အား မိမိပိုင်ပစ္စည်းကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးရေရရှိပြီဖြစ်၍ သုံးရာသီလုံး စဉ်ဆက်မပြတ် စိုက်ပျိုးကြရေး မှာကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက် ဖြစ်သော လက်ရှိ ၆၄.၃၃ ဧကအပြင် အခြားစိုက်ဧက ၁၀၀ တွင်လည်း ဆိုလာရေတင်စနစ် ပြုလုပ် ပေးနိုင်ရေး၊ ရွှေပြည်သာကျေးရွာအုပ်စုမှ ထွက်ရှိလာသော ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို အာဟာရသုခဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးအတွက် နေရာထပ်မံရရှိရေးကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့သည်။

          ယခုကဲ့သို့ ဆိုလာရေတင်စနစ် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ဝဲကြီးကျေးရွာနှင့် သာယာစု ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် ၃ ရာသီလုံး စိုက်ပျိုးနိုင်၍ စိုက်ဧက ၁ ဧကအပေါ် ငွေကျပ်သိန်း ၁၀၀ ခန့် ဝင်ငွေရရှိနေပြီး ယင်းသီးနှံများအား နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းလျက် အာဟာရသုခဈေးတွင် တိုက်ရိုက် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာသို့ သွားရောက်ပြီး ကောင်းသစ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ နွေစပါးစိုက်ဧက ၄၀၀ စိုက်ပျိုးရန်အတွက် သမဝါယမအသင်းနှင့် အသင်းသားပိုင် ထွန်စက် ၁၁ စီး၊ John Deere ကုမ္ပဏီမှ ထွန်စက် ၁ စီး တို့ဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု ပေးနေသော လုပ်ငန်းအား ကြည့်ရှုအားပေးခဲ့သည်။

          အဆိုပါလုပ်ငန်းအနေဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စိုက်ဧက ၁၃၀ ထွန်ယက်ပြီးစီးမည် ဖြစ်ပြီး ကျန်စိုက်ဧက ၂၇၀ အား ဆောင်းရာသီမတ်ပဲသီးနှံ ရိတ်သိမ်းပြီးစီးမည့် ဖေဖော်ဝါရီလကုန်၌ ဆက်လက်ထွန်ယက်ပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်၍ အသင်းသားတောင်သူများ၏ ဒေသ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm