ယနေ့ကမ္ဘာကြီးသည် ရာသီဥတု ဖောက်ပြန်ပျက်စီးမှုများကြောင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရခြင်း၊ ကိုဗစ်ရောဂါကပ်ဆိုးကြီး ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့် လူမှုစီးပွားဘဝ အခက်အခဲအကြပ်အတည်းများဖြင့် ပြည့်နှက်လျှက်ရှိနေသည်မှာ မျက်ဝါးထင်ထင် တွေ့မြင်နေရ ပေသည်။ တစ်ဉီးကောင်း တစ်ယောက်ကောင်းဖြင့် ဖြေရှင်းဆောင်ရွက်၍ မရသော ဤကဲ့သို့ ဖြစ်ရပ်ဆိုးများအား ကမ္ဘာပေါ်ရှိ လူ့လောက လူသားတိုင်းက အတူတကွ ပူးပေါင်းပါဝင်ဖြေရှင်း ဆောင်ရွက်ကြမှသာ မိမိတို့ကမ္ဘာကြီးက ပြန်လည်တည့်မတ် သာယာလာနိုင်ဖို့ပင် ဖြစ်နိုင်ချေ ရှိပေသည်။ မိမိတို့ကမ္ဘာကြီး၏ လူမှုစီးပွားဘဝ ပြန်လည်စိုပြေနိုင်ဖို့အတွက်ကား သက်တံ့ရောင် နှလုံးသား ပိုင်ရှင်များဖြစ်သော ကမ္ဘာ့သမဝါယမ လောကသားများက အင်တိုက် အားတိုက် ပါဝင် ဖြေရှင်းဆောင်ရွက်ပေးကြမည်ဆိုလျှင် မိမိတို့ ကမ္ဘာကြီး အသစ်တစ်ဖန် လန်းဆန်း လာဖို့ အခြေအနေကောင်း တစ်ရပ်ပင်။
ထိုသို့ ဆိုရလျှင်လည်း မိမိတို့ကမ္ဘာကြီးအတွက် စိတ်အားသိမ်ငယ်စရာ အကြောင်းတော့ မရှိနိုင်ပေ။ ကမ္ဘာ့သမဝါယမ လောကသည် နှစ်ပေါင်းမြောက်များစွာ အခြေတည်လျှက်ရှိခဲ့ရာ လူမှုစီးပွားရေး ပြန်လည် ဦးမော့လာဖို့ အလားအလာကောင်းများ ပြည့်ပြည့်ဝဝမို့ ဆက်လက် အောင်မြင်နိုင်စွမ်းကို ယုံမှားသံသယဝင်စရာ မလိုပေ။ လူမှုစီးပွားရေး အဖွဲ့အစည်းများက ကမ္ဘာ့နေရာအနှံ့အပြားမှာလည်း ရှိနေဆဲ။ အများကောင်းကျိုး ဆောင်ရွက်လိုသူတို့သည် သမဝါယမများ ဖွဲ့စည်းပြီး လောကကမ္ဘာကြီး ထာဝစဉ် ဖွံ့ဖြိုးတိုးတက်ဖို့တက်ကြွစွာ ပါဝင်လှုပ်ရှား ဆောင်ရွက်ကြရုံပင်။ ပရဟိတလုပ်ငန်းတွေကို ကျယ်ပြန့်စွာ ကူညီဖေးမဆောင်ကြဉ်းပေးပြီး သမာအာဇီဝကျကျ စီးပွားရှာကာ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းသာယာလှပစေဖို့ ကမ္ဘာကြီး ရေရှည်တည်တံ့ရေး၊ သက်တံ့ရောင်နှလုံးသားပိုင်ရှင်များ ပျော်ရွှင်ကြည်နူးနိုင်စေရေး နှစ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ယခုအချိန်အခါတွင်လည်း သက်တံ့ရောင်နှလုံးသား ပိုင်ရှင်များ ဖြစ်သည့် ကမ္ဘာ့သမဝါယမ လောကသားတို့အနေဖြင့် ယခင်ကကဲ့သို့ မိမိတို့ ကျရာတာဝန် ကျေပြွန်စွာ ဆက်လက်ဆောင်ရွက်ကြရမှာဘဲဖြစ်၏ ။ သို့မှသာ ကမ္ဘာ့သက်တံ့ရောင်ရနံ့တို့ ပြန်လည် မွှေးကြိုင်လာဦးမည်ဖြစ်သည်။ ဤသို့ဆိုရကား အများကောင်းကျိုး ဦးစားပေးပြီး လောက လူသား တို့၏ စိတ်ကို ထာဝစဉ် ပြုံးပျော်လန်းဆန်းစေနိုင်သည့် အဖွဲ့အစည်းမှာ သမဝါယမ တစ်ခုတည်းသာ တွေ့မြင်ရပေသောကြောင့် ဖြစ်၏။
ထို့ပြင် သဘာဝ မွေးဖွားပေးလိုက်သော ဖြူစင်သန့်ရှင်းပြီး လှပတင့်တယ် ဝင့်ကြွယ်နေသည့် ပကတိရှိရင်းစွဲ သက်တံ့ရောင်၏ လှပမှုတွေက လူမှုအဖွဲ့အစည်းတွေမှာ တုနှိုင်းလို့ မမှီနိုင် လောက်အောင် ရှိနေဆဲပါ။ ကမ္ဘာ့လူသားတွေ၏ ဆင်းရဲမှု အတိ ဒုက္ခတွေကို သဘာဝကျကျနှင့် ဖြေရှင်းကူညီ ကယ်တင်ပေးနိုင်ခြင်းက သက်တံ့ရောင် သင်္ကေတဖြင့် ဝိုင်းရံထားသည့် သမဝါယမ အဖွဲ့အစည်းပင်ဖြစ်၏။ သမဝါယမလို့ သဘောပေါက်မိပြီး ကမ္ဘာလောက လူသားတွေ၏ ကောင်းကျိုးတွေကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနေသည်မှာလည်း သက်တံ့ရောင်စစ်စစ် များသာ ဖြစ်၏။ ထို့အတူ သမဝါယမ သဘာဝတရားနှင့် နည်းစနစ်တွေက ကမ္ဘာ့လူသားတို့၏ အခက်အခဲ အကျပ်အတည်းတွေကို ကယ်တင်ဖြေရှင်းပေးဦးမှာ ဆိုသည်က မလွဲဧကန်ပင်။ သမဝါယမ အဖွဲ့အစည်းများသည် လွတ်လပ်မှုနှင့် တရားမျှတမှုကို အရင်းတည်ပြီး စည်းလုံး ညီညွတ်မှု အပြည့်ဖြင့် ကိုယ့်အားကိုယ်ကိုး ကိုယ်စီတာဝန်ယူမှုတွေဖြင့် ကမ္ဘာပေါ်ရှိ လောကလူသား များ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်သွားဦးမည်မှာ ယုံမှားသံသယမရှိပေ။
ကမ္ဘာ့သမဝါယမလောကသည် ကမ္ဘောပေါ်ရှိ လူသားတိုင်းအတွက် အားကိုးစရာ အားထား စရာ အဖွဲ့အစည်းတစ်ခုပင်ဖြစ်၏။ (၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်း အမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် ဥက္ကဌက ပေးပို့သည့် သဝဏ်လွှာထဲတွင် လေးစားအပ်ပါသော ကမ္ဘာတစ်ဝှမ်းရှိ သမဝါယမ မိတ်ဆွေအပေါင်းတို့ခင်ဗျား .…….. ကျွန်ုပ်တို့ အားလုံး သိရှိထားသည့်အတိုင်း လူသားများအားလုံးသည် သမိုင်းတွင်ရစ်သည့် ကမ္ဘာနှင့်တဝှမ်း စီးပွားရေးပြိုလဲမှုများ၊ ကြီးမားသော အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ကြောက်မက်ဖွယ် ကမ္ဘာ့ ကပ်ရောဂါများ၏ အရိပ်မဲကြီးအောက်တွင် ရောက်ရှိနေကြရသည်။ လူသားများ၏ ဆယ်စုနှစ်ပေါင်း များစွာ အမိကမ္ဘာမြေကြီးပေါ်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများကို အရင်းခံကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်မညီမျှမှုများနှင့် လူမှုရေးကွာဟမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အကြပ်အတည်း ကာလတစ်ခုကိုလည်း တွေ့ကြုံခံစား နေကြရ ပါသည်။ ထို့ကြောင့် ကောင်းမွန်မျှတပြီး ပိုမိုစည်းလုံးညီညွတ်သော စီးပွားရေး တည်ဆောက်ရာတွင် ကျွန်ုပ်တို့ သမဝါယအဖွဲ့အစည်းများနှင့် အတူတကွ စည်းရုံးပူးပေါင်း ဆောင်ရွက်ရန်လည်း နှိုးဆော် ထားပါသည်။ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်ကောင်းမွန်သော နည်းလမ်းများရှိပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများသည်ပင် စိတ်ကူးယဉ် ဆောင်ရွက်နေမှုမဟုတ် သည်ကို သိန်းသန်းမကသော အတွေ့အကြုံများက သက်သေခံနေပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်လာပြီးနောက် အရေးအပေါ်အခြေအနေ ဖြစ်လာပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ဆုံရာတွင် သမဝါယမများက ဦးဆောင်သူအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြပါရှိသည့်အတွက် ကမ္ဘာ့သမဝါယမသည် ကမ္ဘာပေါ်တွင် အားကိုး အားထားပြုထိုက်သော အရာဟုပင် ဆိုရပေမည်။
ထိုသို့ အားကိုးအားထားပြုထိုက်သော သမဝါယမလောကသည် သမဝါယမ၏ ဂုဏ်ကို မြှင့်တင်ရမည်။ မိမိအကျိုးစီးပွားနှင့် ယှဉ်၍ အများအကျိုးစီးပွားကို အင်အားစိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်တတ်သည့် သဘောတရားရှိသော သမဝါယမစိတ်ဓာတ်ကို မြှင့်တင်ရမည်။ အများ အကျိုးအတွက် တစ်ဦးစီကလည်းကောင်း တစ်ဦးစီအကျိုးအတွက် အများက စုပေါင်း၍ လည်းကောင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်ဖြင့် ကမ္ဘာ့သမဝါယမလောကကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ကြဖို့သာ ။ ထို့အတူ သမဝါယမ၏ အဓိပ္ပါယ်နှင့် သဘောတရားများကို ကမ္ဘာ့သမဝါယမလောကသားများအနေဖြင့် သိရှိနားလည်ပြီးသား ဖြစ်သည့်အလျောက် ယခင်က အောင်မြင်ခဲ့ပြီးသာ ရလာဒ်ကောင်းများကို ဆက်လက်ထိန်းကြောင်း လုပ်ဆောင်ကြရင်း ကမ္ဘာလောကကို ပိုမိုကောင်းမွန်လာစေရေးအတွက် နည်းစနစ်ကျန မှန်ကန်စွာ တည်ဆောက်ပေးဖို့ တာဝန်မှာ ကမ္ဘာ့သမဝါယလောကသားများ၏ အဓိက အရေးကြီးဆုံး တာဝန်တစ်ရပ်ဟု မှတ်ယူရ ပေမည်။
သမဝါယမဟူသော စိတ်ဆန္ဒတူသူများ စုပေါင်းပါဝင်ပြီး အများ၏ စီမံခန့်ခွဲမှုဖြင့် အများ၏ လူမှုစီးပွားကို မြှင့်တင်ပေးနေသည့် အဖွဲ့အစည်းပင်ဖြစ်၍ ဘယ်ဝါဒ၊ ဘာစနစ် မည်သည့်ခေတ် (နိုင်ငံ)မှာမှ မအောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း နိဂုံးချုပ်ခြင်းများ မရှိခဲ့ပေ။ မည်သည့်ဝါဒ၊ မည်သည့်စနစ် ကျင့်သုံးသည့်နိုင်ငံဖြစ်ပါစေ သမဝါယမ၏ အခြေခံမူနှင့် သဘာတရားတွေက ရှိရင်းစွဲမူလပကတိ အတိုင်း ဆက်လက်ရှင်သန်နေဦးမည်ဖြစ်သည်။ စုပေါင်းစွမ်းဆောင်မှုဖြင့် အများ၏ စီမံခန့်ခွဲမှုနှင့် အညီ ရော့ဒေးလ်သမဝါယမ၏ အခြေခံမှုများမှအစ ယနေ့ခေတ် ICA ၏ အခြေခံမူ (၇)ချက်တို့မှာ သူ့ခေတ်နှင့် သူ့အခါဆိုသလို ထွန်းလင်းတောက်ပ စံပြခံနေခြင်းမှာ မည်သူမျှ မငြင်းပယ်နိုင်သည့် အချက်ပင်။ သမဝါယမ၏ ကောင်းမွန်သည့် အခြေခံမူ ၊ အနှစ်သာရနှင့် ကျင့်ဝတ်တွေကား နှစ်ပေါင်း ရာကျော်များစွာ ဖြူစင်သန့်ရှင်းစွာဖြင့် ရပ်တည်ဆဲဖြစ်လို့ ကမ္ဘာ့သမဝါယမလောက အတွက် ကမ္ဘာကြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ရေး နည်းမှန်လမ်းမှန်သည့် နည်းစနစ် ကောင်းများအား ယုံကြည်စွာ အားထုတ်လုပ်ကိုင်ဆောင်ရွက်နိုင်ကြရင် ရလာဒ်ကောင်းများ အောင်ပွဲ ပြန်လည်ရယူနိုင်မှာ မလွဲပေ။ ထို့အပြင် ကမ္ဘာပေါ်ရှိ အဖွဲ့ဝင်နိုင်ငံများအားလုံးလည်း ICA ၏ အခြေခံမူ (၇)ချက်နှင့်အညီ သက်ဆိုင်ရာနိုင်ငံများတွင် ကမ္ဘာ့သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ အားသွန်ခွန်စိုက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်လှသည်။
(၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် အပြည်ပြည် ဆိုင်ရာ သမဝါယအဖွဲ့ချုပ် ဥက္ကဌ၏ ပေးပို့သည့် သဝဏ်လွှာထဲပါ အချက်အလက်များကိုလည်း ထပ်မံတင်ပြလိုပါသည်။ ကမ္ဘာနှင့်အဝှမ်း စီးပွားရေးပြိုလဲမှုများ၊ ကြီးမားသော အသက်ဆုံးရှုံးမှုများ၊ ကြောက်မက်ဖွယ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီး၏ အရိပ်မဲကြီးများ၊ ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ မြေကြီးပေါ်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများကို အရင်းခံကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက် မညီမျှမှုများနှင့် လူမှုရေး ကွာဟမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အကြပ်အတည်းများ လူပေါင်းသန်းရှစ်ရာကျော် မိုးခေါင်ရေရှားမှုများ၊ အဆိပ် အတောက်များပါသည့် လူထုညစ်ညမ်းမှုများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့အပေါ် ခုခံကာကွယ်နိုင်သည့် စွမ်းအားလျော့နည်းလာပြီး ပြင်းထန်သော သဘာဝဘေးအန္တရာယ်များ မကြာခဏ ကြုံတွေ့ရခြင်း တို့ကို တတ်အားသမျှ ပြန်လည်ကောင်းမွန်လာစေရန် ဝိုင်းဝန်း ဆောင်ရွက်လို့ ရည်ရွယ်ချက်တစ်ရပ် အဖြစ် သမဝါယမများက အလေးထားပြီး ဆောင်ရွက်ပေးစေ လိုကြောင်းနှင့် ကောင်းမွန်မျှတပြီး ပိုမို စည်းလုံးညီညွတ်သော စီးပွားရေးတည်ဆောက်ရာတွင် သမဝါယမအဖွဲ့အစည်းများနှင့်အတူတကွ စည်းရုံးပူးပေါင်းဆောင်ရွက်လိုကြောင်း ရေးသားပါရှိခဲ့၍ ကမ္ဘာ့သမဝါယမလောကသားအနေဖြင့် ဂုဏ်ပြုချီးမွမ်းထိုက်ပေသကဲ့သို့ ကမ္ဘာလောက ပိုမို ကောင်းမွန်အောင် တည်ဆောက်ပေးနိုင်ဖို့က မဟာတာဝန်ကြီး တစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေ သက်တံ့ရောင်နှလုံးသားပိုင်ရှင်များဖြစ်သည့် ကမ္ဘာ့သမဝါယမလောကသားများ သည် ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးဆောင်သည့် ပရလူသားများပင် ဖြစ်သည်။ ဆန္ဒတူသူ အလွှာပေါင်းစုံလူတန်းစားတွေနဲ့ ဖွဲ့စည်းထားသော သမဝါယမသည် ဖြူစင်သန့်ရှင်း ကောင်းမွန် မြင့်မြတ်သည့် လူ့အဖွဲ့အစည်းကို ပူးပေါင်းပါဝင်ခြင်းကလည်း အလိုအလျောက် ကိုယ့်ဘဝကိုယ် ရှင်သန်ရပ်တည်နေသည့် စိတ်ရင်းစေတနာ တိုးပွားနေမည်သာ ဖြစ်၏။ ဤကဲ့သို့ အရည်အချင်း ကောင်းများဖြင့် ကမ္ဘာ့လူသားများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးရေးအတွက် အားသွန် ခွန်စိုက်နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ကြလို့ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) မှလည်း အားပေးချီးမြှင့် အသိအမှတ်ပြုနေမြဲပင်။ (ICA) သည်လည်း ကမ္ဘာ့ကုလသမ္မဂ္ဂ၏ ချီးကျူးထောပနာ ပြုမှုကိုခံရပြီး လောကကောင်းကျိုး လူသားကောင်းကျိုးကိုသာ တစ်စိုက် မတ်မတ်ဦးစားပေး ဆောင်ရွက်နေသည်ကို မြင်ရတွေ့ရမြဲဖြစ်သည်။ ထို့ကြောင့် ICA ၏ ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုပြီး ၁၉၉၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ နှစ်စဉ်ဇူလိုင်လ ပထမ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day) အဖြစ် သတ်မှတ်ပေးခဲ့လေ၏။ ယခုအခါတွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့သည် အဆက်ဆက် ရှင်သန်လာခဲ့ရာ နှစ်တစ်ရာ တိုင်တိုင် ပြည့်ခဲ့ပြီ။
အချုပ်ဆိုရသော် မိမိတို့ ကမ္ဘာ့လူသားတွေအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ နေရခြင်း၊ ကမ္ဘာ့ရောဂါကပ်ဆိုးကြီးနှင့် ရင်ဆိုင်နေရခြင်း၊ မိုးခေါင်ရေရှားမှုများလာခြင်းတို့ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ဆိုးရွား လာခြင်းတို့ကြောင့် ဒုက္ခများမြောင်နေမှုကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရမှာ ဖြစ်သည်။ ထိုသို့သော ကမ္ဘာ့လူသားတို့၏ အခက်အခဲ အကြပ်အတည်းများမှ အတတ်နိုင်ဆုံး လွတ်မြောက် လာနိုင်ရေးကို မိမိတို့ ကမ္ဘာ့သမဝါယမ လူသားများက တစ်တပ်တစ်အား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကမ္ဘာလောက ပိုမိုကောင်းမွန်လာအောင် တည်ဆောက်ပေးနေ သကဲ့သို့ “သားရွှေအိုးထမ်းလာသည့်အလား” ကမ္ဘာ့သမဝါယမလောကသားများလည်း သက်တံ့ရောင် နှလုံးသားပိုင်ရှင်၏ ဂုဏ်ထူးဆောင်အဖြစ် ကမ္ဘာတစ်လွှား ဝင့်ဝင့်ကြွားကြွား ဖြစ်နေမည်ကို မြင်ယောင်ရင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ပထမ စနေနေ့တွင် ကျရောက်သည့် နှစ် (၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုလျှက် ……………..။
ကြည်ကိုကိုထွေး (မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်