ချောက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက် ကွာဟမှုကျဉ်းမြောင်းစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(ပြင်ဆင်ထိန်းသိမ်းရေး) ခွင့်ပြုရန်ပုံ ငွေကျပ် ၁၂ ဒသမ ၆၇ သန်းဖြင့် မကျီးစု-ဇီးပွား ကျေးရွာချင်းဆက်မြေနီလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များက ကျေးရွာကော်မတီဝင်များနှင့်အတူ မကျီးစု-ဇီးပွားကျေးရွာချင်းဆက်မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်က ဆောင်ရွက်ပြီး ကျေးရွာချင်းဆက်မြေနီလမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ချောက်မြို့နယ် မကျီးစု-ဇီးပွားကျေးရွာချင်းဆက်လမ်း အရှည် ငါးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်လက်မရှိ မြေနီလမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းရေး) ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၆၇ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်မြေနီလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်သောကြောင့် မကျီးစု၊ ဇီးပွားနှင့် ကန်နီကြီးကျေးရွာရှိ အိမ်ခြေ ၅၉၃ အိမ်မှ လူ ၂၄၂၇ ဦးတို့အတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် ရာသီမရွေး သွားလာရ အဆင်ပြေနေပြီဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်