Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


24 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၄

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဦးဆောင်ကော်မတီအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူများရဲ့ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့ အတွက် တောင်သူများ၏ စိုက်ပျိုးရေလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝတဲ့ ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူး ရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်ကတည်းက လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ရာသီအလိုက် စိုက်ပျိုးမြေဧကအပေါ် ဓာတ်မြေဩဇာ လိုအပ်ချက်နဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းရဲ့ စိစစ်တင်ပြချက်များအရ ဓာတ်မြေ ဩဇာနဲ့ ပိုးသတ်ဆေးများအတွက် သွင်းကုန်လိုင်စင်များ ရရှိရေးကို စိစစ်ထောက်ခံပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ကုမ္ပဏီအလိုက် ပြည်ပမှတင်သွင်းရာတွင် စနစ်တကျ ဖြစ်စေရေး၊ မျှမျှတတ ဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေး၊ လိုင်စင်များဖောင်းပွမှုမဖြစ်စေရေး တို့ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ဒီလိုဆောင်ရွက်ပေးရာမှာ အားနည်းချက်များအနေနဲ့ နိုင်ငံတကာဈေးနှုန်းများ မြင့်တက်ချိန် တွင် ကုမ္ပဏီများက စာချုပ်ချုပ်ဆိုထားခြင်း၊ ဈေးနှုန်းသက်သာချိန်တွင် လိုအပ်သလောက် မဝယ်ယူ နိုင်ခြင်း၊ ကုမ္ပဏီများအနေနဲ့ သွင်းအားစုများကို တင်သွင်းလိုသူ များပြီး သက်ဆိုင်ရာဌာနများက သွင်းကုန်လိုင်စင်ပေါင်းများစွာအတွက် စိစစ်ဆောင်ရွက်ပေးနေရခြင်း၊ ယှဉ်ပြိုင်မှုမရှိခြင်း စတဲ့ အချက်များကို တွေ့ရှိရပါကြောင်း၊ ယခင်အစည်းအဝေးမှာ ၂၀၂၄ ခုနှစ်အတွက် ပွင့်လင်းမြင်သာမှု ရှိပြီး ယှဉ်ပြိုင်မှုရှိသော ဆောင်ရွက်သင့်သည့်နည်းလမ်းများကို အဆိုပြုတင်ပြထားကြောင်း၊ ယင်းအဆိုပြုတင်ပြချက်များအပေါ် မြေဩဇာအသင်းအနေနဲ့ ဆောင်ရွက်လိုတဲ့ လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြထားတာပါကြောင်း၊ ယခုအစည်းအဝေးမှာ သက်ဆိုင်ရာအသင်းက အသေးစိတ် ရှင်းလင်းဆွေးနွေးမှာဖြစ်တဲ့အတွက် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များအနေနဲ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက် သီးနှံ စိုက်ပျိုးရေးစီမံကိန်းနဲ့ နွေစပါးစီမံကိန်းတို့အတွက် သွင်းအားစုများရဲ့ ဈေးနှုန်းများကို ထုတ်ပြန်ပေးထားပြီးဖြစ်၍ ရောင်းချပေးထားမှုနဲ့ လက်ကျန်တန်ချိန် အခြေအနေများကို ပြန်လည် တင်ပြပေးစေလိုကြောင်း၊ ဖေဖော်ဝါရီလအတွက် ရောင်းချပေးနိုင်မည့် ရည်ညွှန်းဈေးနှုန်းများ ကိုလည်း တင်ပြပေးရန်နဲ့ အဆိုပါဈေးနှုန်းများအပေါ် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေး ပေးစေလိုကြောင်း၊ 

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရာသီအလိုက်၊ လအလိုက် လိုအပ်ချက်စာရင်းများကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြေဩဇာအသင်းတို့က ပေးပို့ပေးရန်၊ တင်သွင်းမည့် အစီအစဉ် Plan ကို ပြုစုတင်ပြပေးရန်၊ သွင်းအားစုများအချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ အောင် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ အချိန်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆွေးနွေး ဆောင်ရွက်ထားရန်၊ ဈေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်ရေးအတွက် ဖြန့်ဖြူးရေးတင်ဒါကို ဈေးပြိုင်စနစ်ဖြင့် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်တို့ကို အကြံပြုချက်များအနေနဲ့ ပြောကြားလိုကြောင်း၊ အရည်အသွေးအာမခံကိစ္စအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဥပဒေနဲ့အညီ စစ်ဆေးပေးနေသော်လည်း ဦးဆောင်ကော်မတီတာဝန်ရှိသူများက ကော်မတီရဲ့ လုပ်ငန်းတာဝန် များနှင့်အညီ အလေးချိန်ပြည့်မီအောင်၊ အရည်အသွေးမှန်ကန်အောင် ရန်ကုန်အထိုင်စစ်ဆေး ပေးခြင်း၊ ဖြန့်ဖြူးမည့်ဒေသများတွင် Spot Check အနေနဲ့ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်မှ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး တို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေဩဇာကို ပြည်တွင်း MIC ခွင့်ပြုချက် ရရှိပြီး၊ စက်ရုံများအတွက် ကုန်ကြမ်းမှာယူထုတ်လုပ်မှု ဈေးသက်သာပြီး၊ အလုပ်အကိုင် အခွင့် အလမ်း ရရှိမည့်အတွက် အားပေးပါကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ကုန်ကြမ်းများ အချိန်မီရောက်ရှိရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ အပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm