Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး တာဝန်ရှိသူများအား တွေ့ဆုံမှာကြား


23 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၃

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒုတိယလေးလပတ်အတွင်း သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးအတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် သမဝါယမဦးစီးဌာနသည် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် လုပ်ငန်းတူရာအလိုက် အမှန်တကယ် အလုပ်လုပ်သူများ၊ ဆန္ဒတူသူများကို အသင်းများဖွဲ့စည်းပြီး လိုအပ်သည်များ ပံ့ပိုးပေးခြင်း၊ ချိတ်ဆက် ပညာပေးခြင်း၊ ကြီးကြပ်ခြင်းများကို အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပြီး သမဝါယမအသင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် အတွက် အသင်းသားတောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့် ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ အထွက်နှုန်းတိုးမျိုး သုံးစွဲရေး၊ မြေဆီလွှာကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ခေတ်မီနည်းပညာဟူသော နည်းလမ်း(၄)ခုဖြင့် ဆောင်ရွက်ကြရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ခိုင်မာမှု ရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်တိုးကာ ပြည်သူများ၏ စားရေရိက္ခာ လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့်သီးနှံများကို အသင်းအချင်းချင်း ချိတ်ဆက်ဝယ်ယူဖြန့်ဖြူးခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကာလပေါက်ဈေးဖြင့် ဝယ်ယူနိုင်ရေးတို့ကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း။

သမဝါယမအသင်းသားများက ကိုယ်ပိုင်ရင်းနှီးငွေများ၊ အသင်းပိုင်ငွေများဖြင့် တစ်ပိုင်တစ်နိုင် လုပ်ဆောင်ကြခြင်းကြောင့် အောင်မြင်မှုများရရှိလာမှုအပေါ်  နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေ၊ ပြည်ထောင်စု / တိုင်းဒေသကြီး၊ ပြည်နယ်ဘတ်ဂျက်တို့မှ  ရင်းနှီးထောက်ပံ့ငွေများနှင့် အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသင်းသားတစ်ဦးချင်းစီ ဝင်ငွေတိုးပွားရေး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။ နိုင်ငံစီးပွား မြင့်တင်ရေးရန်ပုံငွေ၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်၊ အသင်းပိုင်ငွေတို့ဖြင့် လုပ်ငန်းများဆောင်ရွက်ကြရာတွင် ငွေသားထုတ်ပေးခြင်းမပြုဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သည့်ပစ္စည်းများကိုသာ ထောက်ပံ့ပေးရန်၊ ငွေပေးငွေယူကိစ္စများတွင် အလွဲသုံးစားမှုများမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန်၊ ထောက်ပံ့ပစ္စည်းများ အသင်းသားတစ်ဦးချင်းစီ၏လက်ဝယ်သို့ ရောက်/ မရောက် စိစစ်ရန်နှင့် သုံးစွဲရာတွင် အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ရန်နှင့် သတ်မှတ် ကာလမှာ အကြွေးကြေ ပေးသွင်းနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ 

စံပြကျေးရွာများအတွက် ထောက်ပံ့ပေးထားသည့် စက်ကိရိယာများကို လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံများနှင့် နွေစပါး စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် သွင်းအားစုများ ပံ့ပိုးပေးမှု၊ ထွက်ရှိလာသည့်သီးနှံများ ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမှု၊ Refund ပြန်လည်ထုတ်ပေးမှုတို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊  မိုးစပါးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက (၁၃၆၁၉၂.၇၃) အတွက် ကျပ် (၂၆.၆၉) ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းတိုးတက်လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း။

သမဝါယမအသင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက အလေးထား ဆောင်ရွက်ကြရမှာဖြစ်ပြီး မွေးမြူရေးကဏ္ဍတွင် ဒေသနွားမွေးမြူရေးအပါအဝင် ကြက်၊ ဝက်များကိုလည်း ဒေသနှင့်ကိုက်ညီသည့် တိရိစ္ဆာန်များကို စနစ်တကျမွေးမြူကြရန်၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီစက်များ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် ကုန်ကြမ်းဝယ်ယူမှုအပိုင်း၊ ထွက်ရှိလာသည့်ဆီများဈေးကွက် ရရှိရေး၊ သမဝါယမအသင်းအချင်းချင်း ကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက်သွားရန်၊ One Region One Product (OROP) လုပ်ငန်း၊ သမဝါယမအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းလုပ်ငန်းများကိုလည်း ကြပ်မတ် ဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင်(သမဝါယမ)စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်၊ စီမံကိန်းမှရရှိသည့် အတိုးငွေများကို လေလွင့်မှုမဖြစ်အောင် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ အသင်းနှင့်အသင်းသားများအတွက် အကျိုးဖြစ်ထွန်းရေး ဆောင်ရွက်ကြရန်နှင့် ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သမဝါယမလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။ ဆက်လက်ပြီး ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများ ဆွေးနွေးတင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးအတွက် တာဝန်ရှိသူတိုင်းက အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ညနေပိုင်းတွင် သမဝါယမဦးစီးဌာန၏ နှစ်သစ်ကူးအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကာ ဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm