နေပြည်တော် ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရုံးသို့သွားရောက်ပြီး ၎င်းရုံး၏ သင်တန်းခန်းမတွင် ဖွင့်လှစ်နေသော ခေတ်မီမော်တာစက်ချုပ် အခြေခံသင်တန်း တက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး၍ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့သည်။ ၎င်းသင်တန်းသို့ ဘားအံမြို့နယ် ထော့ဖားထော့ကျေးရွာ၊ ကော့တာမွန် ကျေးရွာ၊ မုက္ကဒိကျေးရွာတို့မှ သင်တန်းသူ (၂၀) ဦး၊ ကော့ကရိတ်မြို့ ရပ်ကွက် ၄ နှင့် ၇ တို့မှ သင်တန်းသူ (၁၀) ဦး စုစုပေါင်း ကရင်၊ ပအိုဝ်းတိုင်းရင်းသူ (၃၀) ဦးတက်ရောက်လျက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၊ သမဝါယမဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးများသို့ သွားရောက်၍ ပြည်နယ်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ယာယီတိုက်ပွဲရှောင်ဒေသများမှ တွဲဖက်ထားသော ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေ/ မပြေ၊ မိသားစုဝင်များ အခက်အခဲရှိ/ မရှိ တွေ့ဆုံမေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ မိမိဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားရန် ၊ ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်၍ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးသတိ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာ ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။