Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဆိုတာ အတူပူးပေါင်း ဆောင်ရွက်ခြင်း


28 Jun,2022

              သမဝါယမဆိုတာ လူသားတို့၏ လိုအပ်ချက် Need ကို ဖြည့်ဆည်းဖို့နှင့် လူတစ်ဦးချင်း ဆီက မဖြည်းဆည်းနိုင်သော အသက်ရှင်ရပ်တည်မှုအတွက် လိုအပ်သော စားဝတ်နေရေး ပြဿနာ တွေကို ဘဝတူ၊ ဆန္ဒတူသူများ စုစည်းကာ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းခြင်းကို သမဝါယမ ဟုခေါ်ပါသည်။ လူသားတို့၏ လိုအပ်ချက်အရ ကမ္ဘာပေါ်မှာ သမဝါယမ အဖွဲ့အစည်းများ လွန်ခဲ့သော နှစ်(၁၀၀)ကျော်က စတင်ပေါ်ပေါက်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း ကိုလိုနီခေတ် ၁၉၀၅ ခုနှစ်တွင် ပထမဆုံးသမဝါယမအသင်း ဖွဲ့စည်းလုပ်ကိုင်ခြင်းဖြင့် သမဝါယမလှုပ်ရှားမှု စတင် ပေါ်ပေါက်လာခဲ့ပါသည်။ အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ သမဝါယမ အသင်းလုပ်ငန်းများကို စည်းကမ်းတကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သမဝါယမ ဦးစီးဌာနကို လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလ၌ မြန်မာနိုင်ငံတွင် ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ သမဝါယမဉီးစီးဌာန၏ တာဝန် (၃)ရပ်မှာ သမဝါယမအသင်းများအား (က)ဖွဲ့စည်းခြင်း Organizing ၊ (ခ)ပညာပေးခြင်း Educating ၊ (ဂ)ထိန်းကျောင်းတည့်မတ်ခြင်း Regulating တို့ဖြစ်ပါသည်။

              အသင်းသားများ၏ လူမှုစီးပွား‌ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် သမဝါယမ အသင်းများ ဖွဲ့စည်းလုပ်ကိုင်ခြင်းများကို ခေတ်အဆက်ဆက် ဖြတ်သန်းလုပ်ဆောင်ခဲ့ရာမှာ  ယနေ့ဆိုလျှင် နှစ်(၁၀၀)ကျော်ကာလသို့ပင် ရောက်ရှိနေပြီဖြစ်ပါသည်။ ခေတ်ဟောင်း စနစ်ဟောင်း အတွေးအခေါ်များကတော့ “သမဝါယမဆိုတာ သိလားဟုမေးလျှင် ဆန်၊ ဆီ၊ ဆပ်ပြာ ခွဲတမ်း ပေးတဲ့စနစ်” လို့သာ သိခဲ့၊ နားလည်ခဲ့ကြတယ်။

              ယနေ့ခေတ်တွင်တော့ သမဝါယမဆိုတာ သိလားဟု မေးလိုက်လျှင် အများစုကတော့ ဖြေကြမည်၊ “ငွေချေးတဲ့ အဖွဲ့လေ” ဟုသာ၊ အဆိုပါ ပုဂ္ဂိုလ်များက သမဝါယမဆိုတာ ဌာနလား၊ အသင်းလား ကွဲကွဲပြားပြား မသိကြပါ။  လူအတော်များများက ခက်သည်၊ ကိုယ်စီးသည့်မြင်း အထီးမှန်း၊ အမမှန်း မသိကြ၊ သိအောင်လည်း အားမထုတ်ကြ၊ မိမိနှင့် မကင်းနိုင်သည့် သမဝါယမ အကြောင်းကို  ဂဃဏန သိအောင်လုပ်ရမည်မှာ သက်ဆိုင်သူများ၏ တာဝန်မဟုတ်လား။ ယနေ့ခေတ် အရွယ်ရောက်ပြီးသူအများစု သမဝါယမအသင်း၊ သမဝါယမအသင်းသား၊ သမဝါယမ လုပ်ငန်းအသီးသီးနှင့် တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်ခဲ့ကြသူများ ဖြစ်သည်။

              ယနေ့ခေတ် သမဝါယမ ဘာတွေလုပ်နေလဲ။ ငွေဘာလို့ချေးပေးတာလဲ၊ သက်ဆိုင်သူ များကော၊ သမဝါယမ အသေးစားချေးငွေ လုပ်ငန်းကို ဝေဖန်လိုသူများကော သိသင့်ပါသည်။ သမဝါယမဦးစီးဌာနမှ နိုင်ငံလူဦးရေ၏ ၇၀% ဖြစ်သော ကျေးလက်နေ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများ၊ အသေးစားကုန်ထုတ်လုပ်ငန်းငယ် လုပ်ကိုင်သူများကို စိုက်ပျိုးရေးစရိတ်၊ မွေးမြူရေးစရိတ်၊ ကုန်ထုတ်လုပ်မှုစရိတ်‌ ချေးငွေများ ထုတ်ချေးပေး ခဲ့ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ အများစုနေထိုင်ရာ ကျေးလက်ဒေသကို အခြေပြု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဉီးတည်ချက်ထား ဆောင်ရွက်ခြင်း ဖြစ်ပါသည်။   

              ဘာကြောင့် ငွေချေးတာလဲဆိုသည့် မေးခွန်းကို ဖြေဆိုရမည်ဆိုလျှင် တောင်သူတွေ၊ လယ်သမား၊ ယာသမားတွေ စိုက်ချိန်၊ ပျိုးချိန်မှာ ငွေလိုပါတယ်။ လယ်ခင်းထဲ၊ ယာခင်းထဲ မြေယာပြုပြင်ဖို့၊ သဘာဝမြေဩဇာထည့်ဖို့၊ မျိုးစေ့ထည့်ဖို့ငွေကို ဘယ်က ရှာရပါသနည်း၊ ရွာထဲမှာ ငွေတိုးပေးစားသူထံမှ ငွေ(၁၀၀)ကျပ်လျှင် တစ်လ(၈)ကျပ်တိုး၊ (၁၀)ကျပ်တိုးပေး၍ ချေးငှားရ သည်။ အချို့နေရာများတွင် သီးနှံဆတိုးပေးစနစ်ဖြင့် ချေးဌားရသည်။ သမဝါယမအသင်းအဖွဲ့ များက ဤအခက်အခဲကို ဖြေရှင်းပေးရန်နှင့် တောင်သူများ ငွေတိုးစား နှိပ်စက်သည့်ဒဏ်မှ အထိုက်အလျောက် သက်သာစေရန် ရည်ရွယ်ပြီး ငွေတစ်ရာကျပ်လျှင် တစ်ကျပ်ခွဲ အတိုးနှုန်းထားသာ သတ်မှတ်၍ သီးနှံပေါ်ပြန်ဆပ် (၆လ တစ်ကြိမ်ဆပ် စနစ်)ဖြင့် အသေးစားချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ပါသည်။ အကြေဆပ်ပြီးပါက နောက်ထပ်(၆)လ  ပြန်လည်ထုတ်ချေး စနစ်ဖြင့် အသင်းသားတောင်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို သမဝါယမဉီးစီးဌာနက ရှေးရှု ဆောင်ရွက်လျက်ရှိပါသည်။

              နိုင်ငံတော်ဘတ်ဂျက်ကို ခြိုးခြံချွေတာသောအားဖြင့် နိုင်ငံတော်မှဘဏ္ဍာငွေ အထောက်အပံ့ ရယူခြင်းမရှိဘဲ ယခင် သမဝါယမဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Exim Bank ချေးငွေကို သမဝါယမအသင်းအဆင့်ဆင့်က အာမခံထားသော စနစ်ဖြင့် ပြည်ပဘဏ် ချေးငွေများ ရယူ ဆောင်ရွက်ခဲ့ပါသည်။ တစ်နှစ်လျှင် အတိုး ၄% ဖြစ်ပါသည်။ တစ်လကို အတိုး ၄% မဟုတ်ပါ။ တစ်လလျှင် ငွေ(၁၀၀)ကျပ်လျှင် အတိုးနှုန်း (၄၃)ပြားသာ ကျသင့်ပါသည်။ ဒါကို သမဝါယမလုပ်ငန်းများကို စောင့်ကြည့် ဝေဖန်သူများရော၊ သမဝါယမ အသင်းသား ပြည်သူများရော ကွဲကွဲပြားပြား သိဖို့လိုပါသည်။ ချေးငွေရယူသူ သမဝါယမ အသင်းသား တောင်သူများကတော့ ချေးငွေ ကျပ်(၁၀၀)အပေါ်  တစ်လ တစ်ကျပ်ခွဲအတိုးဖြင့် မိမိတို့ ချေးငွေရယူထားသော သမအသင်းထံသီးနှံရာသီအလိုက် (၆)လတစ်ကြိမ် ပြန်လည် ပေးဆပ်ရပါသည်။ China Exim Bank က အတိုး(၃၄)ပြားဖြင့် ထုတ်ချေးသော်လည်း ချေးငွေ အသုံးပြုသူက ဘာလို့ တစ်ကျပ်ခွဲတိုး ပေးရသနည်း၊ ယင်းသို့ဖြစ်ရခြင်းမှာ ပင်ရင်းဖြစ်သော ပြည်ပဘဏ်မှ အသင်းသား လက်ဝယ်အထိ ငွေကြေးရောက်ရှိဖို့ ဗဟိုအဆင့်တွင် ဗဟိုသမဝါယမ အသင်း၊ပြည်နယ်/တိုင်းတွင် အသင်းစုချုပ်များ၊ အခြေခံအဆင့်တွင် ကျေးရွာ၊ ရပ်ကွက်သမဝါယမ အသင်းများက ချေးငွေကို အာမခံသည့်မူဖြင့် တာဝန်ယူတာဝန်ခံကာ ထုတ်ချေးရပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းထားသော သမဝါယမသင်းအဆင့်ဆင့်မှ စီမံခန့်ခွဲမှု ကုန်ကျစရိတ်များ၊ သက်ဆိုင်ရာအသင်း ရှင်သန်ရပ်တည်ရေး စရိတ်များအတွက် အသင်း အဆင့်ဆင့်မှ အတိုးနှုန်း တစ်ကျပ်ခွဲအပေါ်မှာ စီမံခန့်ခွဲမှု ကုန်ကျစရိတ်အဖြစ် ရယူရပါသည်။

              သမဝါယမသင်းအားလုံးသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGOs ဖြစ်ကြ ပါသည်။ သို့ဖြစ်၍ မိမိတို့အသင်း၏ ဝင်ငွေ၊ အသုံးစရိတ်ကို ကိုယ်တိုင်ရှာရပါသည်။ အသင်း အမှုဆောင်များ၊ အသင်းဝန်ထမ်းများ ခန့်ထားခြင်းအတွက် လုပ်ခလစာများအား အသင်း၏ ဝင်ငွေ အပေါ်မူတည်၍လည်းကောင်း၊ အသင်းအမှုဆောင်များမှ အသင်း၏လုပ်ငန်း လိုအပ်ချက် အပေါ် မူတည်ပြီး လုပ်ငန်းအသီးသီးရဲ့ တာဝန်ခံများအဖြစ်လည်းကောင်း၊ နေ့စားလပေး ဝန်ထမ်းများ၊ ပုတ်ပြတ် ဝန်ထမ်းများ ခန့်ထားခြင်းဖြင့်လည်းကောင်း လစဉ် ငွေကြေးသုံးစွဲရ ပါသည်။

              အသင်းသား တောင်သူလယ်သမားများ လက်မှုလယ်ယာစနစ် အသုံးပြုနေရာမှ စက်မှု လယ်ယာစနစ်ကို ကူးပြောင်းနိုင်ဖို့ လယ်ယာသုံး စက်ကိရိယာမျိုးစုံကို အသင်းသား တောင်သူ ကြိုက်နှစ်သက်ရာ ကုမ္ပဏီမှ ကြိုက်သည့်ပစ္စည်းကို ဝယ်ယူနိုင်ရန် သမဝါယမက ကူညီဆောင်ရွက် ပေးခဲ့ပါသည်။ တောင်သူအများစုမှာ စက်တန်ဖိုး ၁၀၀% ပေးချေဝယ်ယူနိုင်သည့် အခြေအနေမရှိပါ။ ထိုအခက်အခဲကို သမဝါယမက ဝင်ရောက်ဖြေရှင်းသည့် အစီအစဉ်ဖြင့် တောင်သူက စက်တန်ဖိုး၏ ၂၀% ကိုသာပေးရပြီး ကျန် ၈၀% ကို သမဝါယမအသင်းက စိုက်ထုတ်ပေးပြီး ကျသင့်ငွေတန်ဘိုး အပေါ်မူတည်ပြီး (၁)နှစ်ဆပ်၊ (၂)နှစ်ဆပ်၊ (၃)နှစ်ဆပ် စနစ်ဖြင့် ငှား/ဝယ်စနစ် (Hire Purchase System)ကို သမဝါယမက အကောင်အထည်ဖော် လျက်ရှိပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း များအတွက် အသုံးပြုရန် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာတို့ကိုလည်း ရာသီအလိုက် သီးနှံ ပေါ်ပေးစနစ်ဖြင့် လယ်သမား၊ ယာသမားများ အချိန်မီအသုံးပြုနိုင်ရန် သမဝါယမအသင်းများက မြေဩဇာကုမ္ပဏီများနှင့် ဆက်စပ်ဆောင်ရွက် ပေးလျှက်ရှိပါသည်။

              မြန်မာ့သမဝါယမခရီးလမ်းကို ပြန်လည်သုံးသပ်ရမည်ဆိုပါက ခေတ်စနစ် စီးပွား‌ရေး အခြေပေါ်မူတည်၍ အနိမ့်အမြင့် အတက်အကျမျိုးစုံကို ရင်ဆိုင်ဖြတ်သန်း ကျော်ဖြတ်ခဲ့ရပါသည်။ သမဝါယမဆိုတာ မည်သို့ပင်လောကဓံတရား၏ ရိုက်ခတ်မှုကို ကြုံရသည်ဖြစ်စေ လူမှုစီးပွား လိုအင်ဆန္ဒတွေိကို ဖြည့်ဆည်းပေးဖို့ ပြည်သူများအတွက် အမြဲတမ်းအဆင်သင့် ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုနိုင်အောင်(Cooperatives)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm