Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ လေ့လာရေးခရီးစဉ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်


22 Jan,2024

နေပြည်တော် ဇန်နဝါရီ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပညာဆက်လက်သင်ယူရန် အခက်အခဲ ရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများရရှိနိုင်စေရန် ရည်ရွယ်လျက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များ၌ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

          သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးလာရောက်ကြသည့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ ကြီးကြပ်သူ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၇၆ ဦး အပါအဝင် စုစုပေါင်း ၁၂၀ ဦး တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်သို့ ဖိတ်ခေါ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိကာ လေ့လာရေး ခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝ မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင် စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ပွားများ ခိုင်မာလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

          ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် လုပ်ငန်း အတွေ့အကြုံကို တစ်ပါတည်းရရှိစေရန်အတွက် Internship Program များ ထည့်သွင်းရေးဆွဲခဲ့ပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လက်တွေ့လေ့လာ ဆောင်ရွက်စေခဲ့ပါ ကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း သင်တန်းပြီးဆုံးပါက တစ်ပါတည်း အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်းများ၊ ဘဏ်များ ကို ဖိတ်ခေါ်၍ မိတ်ဆက်ပွဲအခမ်းအနားများ ပြုလုပ်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းကာလ(၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက် စရိတ်၊ တူညီဝတ်စုံများအပြင် စာရေးကိရိယာများ၊ အိပ်ယာ၊ ကုတင်၊ ခြင်ထောင်စသည်များကို အခက်အခဲမရှိအောင် အခမဲ့အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာနက စီစဉ်ပေးထား ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကိုကြိုးစားသင်ယူပြီး မိမိအတွက် မိသားစု အတွက် နိုင်ငံတော်အတွက် အားကိုးအားထားရမည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်စေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦး က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးသည်။

          အဆိုပါလေ့လာရေးအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဗုဒ္ဓမော်ကွန်း ပြတိုက်တွင် တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို Projector ဖြင့် ရှင်းလင်းပြသသည်။

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက အမျိုးသားပြတိုက်ရှိ ရှေး‌ဟောင်းရုပ်ကြွင်းနှင့် ပန်းချီများ၊ မြို့ဟောင်းပုံစံငယ်များ၊ မြန်မာဘုရင်များ အသုံးပြုခဲ့သည့်ပလ္လင်နှင့် ထီးသုံးနန်းသုံး ပစ္စည်းများ၊ ခေတ်အဆက်ဆက် လက်မှုအနုပညာ ပြခန်းများကိုလည်းကောင်း၊ အာဆီယံပြခန်းနှင့် ကလေးသူငယ် ပညာပေးရေးအစီအစဉ်များကိုလည်းကောင်း လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် လေ့လာရေးအဖွဲ့သည် နေပြည်တော်ဗုဒ္ဓဂယာသို့ သွားရောက်၍ မဟာဗောဓိ စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြရာ တာဝန်ရှိသူ ဂေါပကအဖွဲ့က သတ္တသတ္တာဟ ခုနစ်ဌာနဖြစ်သော မဟာဗောဓိပင်နှင့် ရွှေပလ္လင်၊ စင်္ကမသတ္တာဟ စင်္ကြတော်၊ ရတနာဃရသတ္တာဟ ရတနာစံအိမ်၊ အဇပါလသတ္တာဟ ဆိတ် ကျောင်းသားတို့နားခိုရာ ညောင်ပင်၊ မုစလိန္ဒသတ္တာဟ ရေအိုင်၊ ရာဇယတနသတ္တာဟ လင်းလွန်းပင် နေရာများသို့ လိုက်လံရှင်းလင်းပြသသည်။

ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)သို့ သွားရောက် လေ့လာကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် မြန်မာ့ရုပ်မြင်သံကြား၏ သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများကိုလည်းကောင်း၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်မှု အစီအစဉ်များ ကိုလည်းကောင်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး လေ့လာရေးအဖွဲ့ဝင် ‌ကျောင်းသူ များ၏ “ယောသူတို့ရွာ” တေးသီချင်းဖြင့် ကပြ‌ဖျော်ဖြေမှုကို လက်တွေ့မှတ်တမ်း ရိုက်ကူးပြသခဲ့ ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm