မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီထွေး၊ မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေအောင်ဆန်း၊ မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇင်လတ်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ မကွေး-နေပြည်တော်လမ်းမှ ဘုရားပြို(မြောက်) ကျေးရွာနှင့် ဘုရားပြို(တောင်)ကျေးရွာသို့ဆက်သွယ်သော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးနေအောင်ဆန်းက ကျေးရွာတာဝန်ရှိသူများ ကျေးရွာ ကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
မကွေး-နေပြည်တော်လမ်းမှ ဘုရားပြို(မြောက်) ကျေးရွာနှင့် ဘုရားပြို(တောင်)ကျေးရွာသို့ ဆက်သွယ်သောလမ်း အရှည် တစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၄၉ ဒသမ ၂ သန်း အသုံးပြု၍ မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ကာ မကွေးအောင်မင်းကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၇၃ အိမ်မှ လူ ၁၆၁၄ ဦးတို့ သွားလာရေး လွယ်ကူစေမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေအောင်ဆန်းက ပြေပြ၍ သိရသည်။
ကိုညို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်