Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်


16 Jan,2024

နေပြည်တော် ဇန်နဝါရီ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပြီး အဆိုပါစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ထူးချွန် သူများအား လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသားသင်တန်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေး အလေးထား ဆောင်ရွက်နေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ဌာနရဲ့ ရည်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ အရည် အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်အရည်အသွေး မှန်ကန်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ Incubation Centre များ ထူထောင်ကာ နည်းပညာများ ပံ့ပိုးပေးခြင်း၊ ကုန်စည်ပြပွဲများကျင်းပကာ ဈေးကွက်ရရှိရေး ချိတ်ဆက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်လျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ကာ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုမှ ကျေးရွာ (၁၅၂) ရွာ ရွေးချယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာလည်း နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုမှ ကျေးရွာ (၂၂၁) ရွာ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်မှာပါဝင်တဲ့ “တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို အောင်မြင်အောင် တစ်ဖက်တစ်လမ်း က ဆောင်ရွက်ပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊

သင်တန်းအောင်မြင်ပြီး ထူးချွန်သူများကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ဖို့ အမှန်တကယ် လုပ်ငန်းထူထောင်မည့်သူ (၅) ဦးစီ ရွေးချယ်ကာ လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာ၊ ပျဉ်းမနားမြို့နယ် လဲလူးအိုင် ကျေးရွာ၊ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းစံပြကျေးရွာတို့မှာ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာ သင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းများမှ ထူးချွန်သင်တန်းသား၊ သင်တန်းသူ (၅) ဦးစီအတွက် ငွေကျပ် (၂၅,၅၅၀,၀၀၀) နှင့်ညီမျှသော လုပ်ငန်းသုံးစက်ပစ္စည်းပေါင်း (၂၇) မျိုး ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေ သော ဒေသတွင်း ပေါများစွာထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်မှာဖြစ်လို့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ပေးနိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းသုံးပစ္စည်းများရရှိတဲ့ ကျေးရွာ (၄) ရွာမှ ထူးချွန် သင်တန်းသား (၂၀) ဦးအနေနဲ့ အမှန်တကယ် လုပ်ငန်းများထူထောင်ပြီး မိသားစုဝင်ငွေတိုးပွား အောင် ဆောင်ရွက်ခြင်းမှအစပြုလို့ မိမိတို့ကျေးရွာ၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာဖွံ့ဖြိုးမှ တိုးပြည်ဖွံ့ဖြိုးမှာဖြစ်လို့ နိုင်ငံတော်က အားပေးကူညီဆောင်ရွက်ပေးနေတဲ့အပေါ် ကျေးရွာသူ ကျေးရွာသားများကလည်း ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအနေနဲ့ နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်နှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများဟာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်လို့ အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်နေတဲ့ ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီးမံကိန်းများဟာ မိသားစုဝင်ငွေတိုးရုံသာမက ဒေသထွက် ကုန်ကြမ်းကို အခြေခံတဲ့ တစ်ပိုင် တစ်နိုင် အသေးစားလုပ်ငန်းရှင်များ မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ ကျေးရွာ (၉) ရွာမှာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးဆုံးပါက အသေးစား စက်မှုလက်မှုလုပ်ငန်းရှင် (၄၉) ဦး ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မှာလည်း ပြည်ထောင်စုရန်ပုံငွေနဲ့ ကျေးရွာ (၉) ရွာ၊ နေပြည်တော်ကောင်စီရန်ပုံငွေနဲ့ ကျေးရွာ (၅) ရွာ၊ စုစုပေါင်းကျေးရွာ (၁၄) ရွာမှာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် (၇၀) ဦး ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊

နေပြည်တော်ကောင်စီအနေနဲ့ အသေးစားလုပ်ငန်းရှင်များရဲ့ ထုတ်ကုန်ပစ္စည်းများ ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန် အရည်အသွေး မြင့်မားသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများ ရရှိကြတဲ့ သင်တန်းသား သင်တန်းသူများ အနေနဲ့ ရရှိတဲ့အခွင့်အရေးကို အကျိုးရှိရှိအသုံးချရေး၊ ဒေသထွက်ကုန်ကြမ်းကို အခြေခံပြီး အရည် အသွေးပြည့် တန်ဖိုးမြှင့်ထုတ်ကုန်များအား အဆင့်မြင့်ထုပ်ပိုးမှုပုံစံများဖြင့် ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး အားထည့်ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တံတားဦးကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်မြင်ကုန်းကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် Oven ၊ Mixer နှင့် Hand Mixer စက်များအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက လဲလူးအိုင် ကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် Miter Saw နှင့် Power Art Motor စက်များအား လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား Sander စက်များ၊ အပ်ချုပ်စက်များ၊ ဓားစက်များနှင့် ဘီတင်စက်များအားလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား Digital မီးဖိုများ၊ ပိသာချိန်စက်၊ Heat Gum စက်များ၊ မီးပူများနှင့် မီးပလက်ခုံများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm