နေပြည်တော် ဇန်နဝါရီ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသထုတ်ကုန် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာစီမံကိန်း ကော်မတီ ဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း စီမံကိန်းရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအကြားဆင်းရဲမှု လျော့ချရေး ဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို ဒေသခံပြည်သူများ၏ လူနေမှုအဆင့် အတန်းနှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ စွမ်းဆောင်ရည်များတိုးတက် မြင့်မားလာစေရန်၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲဆင်းနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများတိုးပွား လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းမှ ကျေးရွာ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပေါ် အခြေခံသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ၊ သွင်းအားစုထောက်ပံ့ခြင်း၊ နည်းပညာနှင့် စွမ်းရည် မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း လုပ်ငန်းများအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်စေရေးနှင့် ပိုမိုအကျိုးရှိထိရောက်မည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် အရင်းအနှီး၊ သွင်းအားစု၊ နည်းပညာများနှင့် အုပ်ချုပ်ထောက်ပံ့ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ အစုအဖွဲ့များ ဖွဲ့စည်း၍ Green House စနစ်ဖြင့် ဟော်လန်မျိုး ဟင်းသီးဟင်းရွက် များဖြစ်သည့် ခရမ်းချဉ်၊ ငရုပ်၊ ဆလပ် စမ်းသပ်စိုက်ပျိုးနေမှု အခြေအနေများ၊ အကျိုးအမြတ်ရရှိ နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရင်းနှီးငွေကျပ် (၃၂၈)သိန်းအား ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီးနောက် အစုအဖွဲ့များ ဖွဲ့စည်း၍ Green House စနစ်ဖြင့် စိုက်ပျိုးထားသည့် ခရမ်းချဉ်၊ ငရုပ်၊ ဆလပ် ဟော်လန်မျိုး ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မဲခေါင်-လန်ချန်း စီမံကိန်း ဖြင့် ဆောင်ရွက်ခဲ့သော ဒေသထွက်ကုန်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း သင်တန်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက Green House စနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စမ်းသပ်စိုက်ပျိုးရာတွင် ပညာရှင်များအကြုံပြုချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ အကျိုးအမြတ်ရရှိများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်နှင့် အကျိုးအမြတ်အများဆုံးရရှိသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားရန် ဆွေးနွေးမှာကြားပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပဲခူးမြို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီ၏ ပဲခူးမြို့ သီရိဥဿာဈေး ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာ သွားရောက်ပြီး ဒေသထုတ်ကုန်များ ရောင်းချနေမှု အခြေအနေများ ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဒေသထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်သွားရန်၊ One Region One Product ထုတ်လုပ်ဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေး သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပဲခူးမြို့ရှိ Agro Future Myanmar ကုမ္ပဏီ၏ လက်ဆွဲကောက်စိုက်စက် ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိပြီး လက်ဆွဲကောက်စိုက်စက်ထုတ်လုပ်နေမှုများအား ကြည့်ရှုအားပေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်အဆင့်ဆင့်အား ရှင်းလင်တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား တောင်သူများအနေဖြင့် စပါးမျိုးစေ့များကို ကျဲပက် စိုက်ပျိုးခြင်းအစား ကောက်ကွက်ပြည့်ပြီး အထွက်တိုးရန်အတွက် အချိန်သက်သာပြီး ဈေးနှုန်း သင့်တင့်သည့် ကောက်စိုက်စက်များ တီထွင်အသုံးပြုပြီး စိုက်ပျိုးဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။