Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်


12 Jan,2024

နေပြည်တော် ဇန်နဝါရီ ၁၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့ များတွင် ဖွင့်လှစ်၍ သမဝါယမနှင့် စာရင်းရေးစာရင်းကိုင်ပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ ၎င်းကျောင်းများတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသားကျောင်းသူများအနေဖြင့် အချင်းချင်းခင်မင်ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများ ရရှိစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန် ထက်မြတ်လာစေရန် ရည်ရွယ်လျက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။

          ၎င်းလေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး စေတီတော်ကြီးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျဉ်သို့ သွားရောက်ကြပြီး ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒကနှင့် ရတနာ ဆင်ဖြူတော်များဖြစ်ကြသည့် ငွေဆဒ္ဒန်၊ ဟေမဝတီ၊ သီရိမာလာ၊ ဘဒ္ဒဝတီ၊ ဇာတကလျာ နှင့် နန္ဒဝတီတို့ကို ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြသပြီး လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများက ရတနာဆင်ဖြူတော်များအား အာဟာရဒါန ကျွေးမွေးပြုစုခဲ့ကြ သည်။

          ယနေ့တွင် လေ့လာရေးခရီးစဉ် ပြီးဆုံးပြီဖြစ်၍ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရွာတော်တည်းခိုရေးစခန်းသို့ သွားရောက်တွေ့ဆုံနှုတ်ဆက် အမှာစကားပြောကြားပြီး လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသားကျောင်းသူ အချင်းချင်း အပြန်အလှန်ရင်းနှီးချစ်ကြည်စွာ ဆက်သွယ်နိုင်ရေးအတွက် Address Book များကို ပေးအပ်ခဲ့ရာ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။

          အဆိုပါလေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများအား ယမန်နေ့ ညဦးပိုင်းက နေပြည်တော် ရေပန်းဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ရာ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနားနေရင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm