09 Jan,2024
ဘုတ်ပြင်း ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကရိုင်တိုင်ကျေးရွာတွင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ရရှိစေရန်နှင့် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၈ ရက်နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဖြိုးတို့က သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး တာဝန်ရှိသူများက သင်တန်းကာလ နှစ်လအတွင်း သင်တန်းသူများ သင်ယူတတ်မြောက် ချုပ်လုပ်ထားသော အင်္ကျီ၊ လုံချည် လက်ရာများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ အမျိုးသမီးအခြေခံအပ်ချုပ်စက် နှစ်လသင်တန်းသို့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသမီးသင်တန်းသူစုစုပေါင်း ၁၂ ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက အင်္ကျီ၊ လုံချည် ချုပ်လုပ်နည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် နိုဝင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၈ ရက်ထိ သင်တန်းကာလ နှစ်လကြာအခမဲ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။