နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနအောက် ဦးစီး ဌာနများ၏ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မြစ်ကြီးနားမြို့နယ်အတွင်း အိမ်ခြေ (၁၂၀) လူဦးရေ (၅၂၄) ဦးရှိ မော်ဖောင်းနယ်မြေ(၈) ခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သမဝါယမအသင်းသားတောင်သူ များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ခေတ်မီစံပြကျေးရွာများ တည်ထောင်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေ လိုကြောင်းဖြင့် မှာကြားကာ ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နန်ပေါင်ရှောင်ကွင်းလမ်း နှင့် မော်ဖောင်းကျေးရွာနယ်မြေ(၈) တို့ကို ဆက်သွယ်သောလမ်း အရှည် (၃၂၈၀) ပေ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်၊ ပမ္မတီးရပ်ကွက်ရှိ ငါးအိုး စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးသမဝါယမအသင်းသို့ သွားရောက်ပြီး ပဲပုတ်စိုက် အသင်းသား တောင်သူများနှင့် တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သဘာဝမြေဩဇာများ ရောနှောအသုံး ပြုရေး မှာကြားကာ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူ ဦးချစ်ဆွေ၏ လယ်မြေ (၄၇) ဧကတွင် ပဲပုတ်များ စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။