ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ် သာဂလ- သန့်ဇင်လှ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်


03 Jan,2024

နေပြည်တော် ဇန်နဝါရီ ၃

          (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာဂလ-သန့်ဇင်လှ ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျေးလက် ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်နေ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များအား စျေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ ရောင်းချနိုင်ဖို့အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းများလိုအပ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် မျှော်မှန်းချက် ၊ ရည်မှန်းချက်များ၊  မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ပြီး ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကိုလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးနိုင်မှု ကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၃)ရွာမှ အိမ်ခြေ (၁၃၅၆) လူဦးရေ(၄၁၈၀)ဦး တို့ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိသည့်အပြင် ကျေးရွာများ၏ စိုက်ပျိုးမြေ ဧက ၃၉၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဆောင်ရွက်ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရန်ပြောကြားပါသည်။

          ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က သာဂလ-သန့်ဇင်လှ ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ဧည့်သည်တော် များက လမ်းအားကြည့်ရှုစစ်ဆေးပါသည်။

          သာဂလ-သန့်ဇင်လှ ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ၆ ဒသမ ၄၆ ဖာလုံ လမ်း အကျယ် ၁၂ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၅၈ ဒသမ ၆၇ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်းအလေးချိန် တန် ၂၀ ဖြစ်ကြောင်းသိရသည်။

          ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်း လာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm