နေပြည်တော် ဇွန် ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက် များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၂၆) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက် အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့်အထည်စက်ရုံများအတွက် ရက်ကန်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း၊ သင်တန်း ကျောင်းအနေဖြင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပုံမှန်သင်တန်းဖြစ်သည့် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်းတွင် သင်တန်သား (၂၀) ဦးနှင့် လက်ရက်ကန်း (၆)လသင်တန်းတွင် သင်တန်းသား (၂၀)ဦး စုစုပေါင်းသင်တန်းသား ၄၀ ဦးကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းကျောင်းဆင်းများကို နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများ၊ အခြား လုပ်ငန်းများတွင် အလုပ်အကိုင်များ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း သင်တန်းသူများအား အလုပ်အကိုင် အခွင့် အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ရင်းနှီးငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ မတည်ပေးနိုင်ရေး ကူညီပံ့ပိုးပေးရန် လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ် ဦးစီးမှူးများမှ မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သော တောင်သူများအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေး၊ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ပို့ချပေးပြီး သင်တန်းအောင်မြင်ပြီးသူများမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက သမဝါယမအသင်းများ ဖွဲ့စည်းပေး၍ ငွေကြေးအရင်းအနှီး ထူထောင်ပေးပြီး ဈေးကွက်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ရ မည့် စီမံကိန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကလည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ မုနိုင်းကျေးရွာခန်းမတွင် တောင်စွန်းကျေးရွာနှင့် ဒေါင်းရပ်(အနောက်)ကျေးရွာတို့မှ သမဝါယမအသင်းသားများ၊ ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ သမဝါယမဦးစီးဌာနမှ အသင်းသား ၄၂ ဦးဖြင့် ဖွဲ့စည်းထားသည့် ဒေါင်းရပ်အနောက်လယ်/ထွေသမဝါယမအသင်း၏ ပိုးသတ်ဆေးနှင့် ကွန်ပေါင်းဝယ်ယူနိုင်ရေးအတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်း ကြိုတင်ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင် ထွက်ရှိသောစပါးကို ဒေသပေါက်ဈေးနှုန်းဖြင့် ရောင်းချကာ ပံ့ပိုးငွေနှင့် ဝန်ဆောင်စရိတ် ပြန်လည်ရယူသည့်(Contract Farming)စနစ်ဖြင့် ဧက ၅၀ တွင် စပါးစိုက်ပျိုးထားရှိမှု အခြေအနေများ၊ အသင်းမှ ငွေကျပ် ၁၀ ဒသမ ၈၅ သန်း ပံ့ပိုးချေးထားနိုင်မှု အခြေအနေများ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုး ထုတ်လုပ်သော သမဝါယမအသင်းသားများနှင့် စပါးစိုက် တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မည်သည့်လုပ်ငန်းမျိုးမဆို အမြဲမပြတ် ကြီးကြပ်ကွပ်ကဲနေရန် လိုအပ်ကြောင်း၊ ချေးငွေ များကို သမဝါယမအသင်းသားများသာမက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် စပါးစိုက်တောင်သူများအတွက်လည်း ပါဝင်ပါကြောင်း၊ တောင်သူများ အနေဖြင့်လည်း သမဝါယမအသင်းများ အသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများ အတွက် အကျိုးဖြစ်ထွန်းမှုရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားခဲ့ပါသည်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာ ကော်မတီဝင်များက စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၇၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား (၄၇)ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များအား ပိုင်ရှင်စိတ် (Owner Ship) ဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် သမ္ဘာန်ကျေးရွာတွင် သမဝါယမဦးစီးဌာနမှ အသင်းသား ၅၂ဦးဖြင့် ဖွဲ့စည်းထားသည့် ရေဘုတ်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ပိုးသတ်ဆေးနှင့် ကွန်ပေါင်းဝယ် ယူနိုင်ရေးအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းကြိုတင် ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင် ထွက်ရှိသော စပါးကိုဒေသ ပေါက်ဈေးနှုန်းဖြင့် ရောင်းချ၍ ပံ့ပိုးငွေနှင့် ဝန်ဆောင်စရိတ် ပြန်လည်ရယူသည့်(Contract Farming)စနစ်ဖြင့် စိုက်ဧက ၂၀၉ကျော်တွင် စပါးစိုက်ပျိုးထားရှိမှု အခြေအနေများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများနှင့် စပါးစိုက်တောင်သူများ၏ အခက်အခဲများ၊ သွင်းအားစုလိုအပ်ချက် များကို Contract Farming စနစ်ဆောင်ရွက်မည့် အောင်သဇင်အထွေထွေစီးပွားရေးလုပ်ငန်းအဖွဲ့ နှင့်ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးစိုက်တောင်သူများအတွက် ဖြစ်ပါ ကြောင်း၊ တောင်သူများအနေဖြင့်လည်း သမဝါယမအသင်းများ အသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ခဲ့ကာ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်