Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


26 Jun,2022

နေပြည်တော်  ဇွန် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကန်ဖြူကျေးရွာ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့်  ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး အိမ်ထောင်စု ၂၁၇ စု လူဦးရေ ၁၁၅ ဦး အကျိုးပြုမည့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် သဲဖြူကုန်းကျေးရွာအပါအဝင် ကျေးရွာ သုံးရွာမှ တောင်သူဦးရေ (၂၈၀၀)ကျော် အသုံးပြုလျက်ရှိသည့် ကျေးလက်ကုန်ထုတ် လမ်းဘေးဝဲ/ယာရှိ လယ်ယာစိုက်ပျိုးမြေ ဧက ၁၀၀၀ ကျော်အကျိုးဖြစ်ထွန်းနေမှု အခြေအနေ များအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာတင်ပြစေလိုကြောင်း၊ ကျေးရွာ၏ တင်ပြချက်များအနက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးနိုင်သည့် အချို့လုပ်ငန်းများကို ဖြစ်နိုင်ခြေလေ့လာပြီး လာမည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက် ပေးမည် ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများဖြစ်ပေါ် လာစေရေး ကျေးရွာ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊  စီးပွားရေး လိုအပ်ချက်များ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာအဌမတန်း အောင်မြင်ပြီးသူများအား သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း (၂)နှစ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေ များ၊ ကျောင်းဆောင်များ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးပါသည်။ ထို့နောက် သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက သမဝါယစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ဖွင့်လှစ်ပို့ချမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်း (၂) နှစ် တက်ရောက်ပြီးပါက အသိအမှတ်ပြု လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ ပြင်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် ကျောင်းဆင်းပါက အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်၊ ကျောင်းသား/ သူများမှ စာကြိုးစားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စည်းကမ်းရှိရှိ နေထိုင်ကြရန်၊ သင်တန်းပြီးမြောက်သည်အထိ ကိုယ့်ရဲ့အနာဂတ်အတွက် အရေးကြီးသည့် အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်အောင် ကြိုးစားလေ့လာ သင်ယူကြရန်နှင့် မိမိတို့ရဲ့ မိသားစုနှင့်နိုင်ငံကို အကျိုးကျေးဇူးပြုကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်းနှင့်တွေ့ဆုံကာ မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm