Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်- ကော့ထမ္မ လိန်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်၊ ဇွဲကပင်တောင်တက်/ တောင်ဆင်းပြိုင်ပွဲ ကျင်းပ


02 Jan,2024

ဘားအံ ဇန်နဝါရီ ၁

            (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၈၈ ဒသမ ၈၆ သန်းဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီနှင့် မဟာထူးမြတ်ကုမ္ပဏီတို့ တင်ဒါအောင်မြင်ဆောင်ရွက်သော လှိုင်ရွာ- ကော့သပုတ်-ကော့ဒါန်းမယ်-ထမ္မလိန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီခွဲက တော်ပုံကျေးရွာအုပ်စု လှိုင်ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

ပူးပေါင်းဆောင်ရွက်

          ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ကျေးလက် လမ်း၊ တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်မြို့ပြအချိုးညီစွာဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များအား အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ကာ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

              ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လမ်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်ဝန်ကြီးများက ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအရှည် တစ်မိုင်နှင့် ကွန်ကရစ်တံတားပေ ၂ဝ တစ်စင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

တောင် အတက်/အဆင်းပြိုင်ပွဲ

          ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပ များကို သိရှိခံစားနိုင်စေရန်၊ ခြေလျင်တောင်ဘက် အားကစားကို လူအများ စိတ်ပါဝင်စားလာစေရန်နှင့် အဆိုပါ အားကစားနည်းကို လေ့လာလိုက်စား ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ပိုမို ကျန်းမာကြံ့ခိုင်လာ စေရန် ရည်ရွယ်၍(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇွဲကပင်တောင်တက် တောင်ဆင်းပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီက ဇွဲကပင်တောင်အရှေ့ခြမ်း သစ်ချကျေးရွာ တံတားဖြူ မှ စတင် တာလွှတ်ယှဉ်ပြိုင်ခဲ့ ကြသည်။

            အဆိုပါ ပြိုင်ပွဲကို အသက်(၄၀)နှစ် အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အောက် အမျိုး သား၊ အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား လေးမျိုးခွဲ၍ ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၆၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဇွဲကပင်တောင် အရှေ့ခြမ်း သစ်ချကျေးရွာ တံတားဖြူထိပ်၌ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်များက အမြင့်ပေ ၂၇၂၇ ပေရှိသော တောင်ကို ကျော်၍ ဇွဲကပင် အနောက်ခြမ်း တော်ပုံကျေးရွာ ဗန္ဓဝဂီရိ လုမ္ဗိနီဥယျာဉ်မုခ်ဦးရှေ့၌ ပန်းဝင်ခဲ့ ကြသည်။

ပေးအပ်ချီးမြှင့်

            ယနေ့ကျင်းပသည့် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲ၌ အသက်(၄၀)နှစ်အထက် အမျိုးသား အမျိုးသမီး ပြိုင်ပွဲ တွင် ပထမဆုမှ နှစ်သိမ့်ဆုအထိ ဆုပေါင်း ၃၅ ဆုစီ၊ အသက်(၄၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုမှ နှစ်သိမ့်ဆုအထိ ဆုပေါင်း ၇၅ ဆုစီကို ချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အသက် (၄၀) နှစ်အောက် အမျိုးသမီး ပြိုင်ပွဲနှင့် အသက် (၄၀) နှစ်အထက် အမျိုးသမီးပြိုင်ပွဲတွင် ပဉ္စမဆုမှ ပထမ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အသက် (၄၀)နှစ် အောက်အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀) နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် ပဉ္စမဆုမှ ပထမဆုရရှိသူများနှင့် ပြိုင်ပွဲတွင် အသက်အကြီးဆုံး ပါဝင်ယှဉ်ပြိုင်သူ နှစ်ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံရှိ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ယနေ့ နံက်ပိုင်းတွင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့်ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးဒီဂရီ ကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)တို့တွင် ဝယ်ယူရောင်းချနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)တွင် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီနှံများကို ၁ဝ မျိုး ၁၀ ပေါင် စိုက်ပျိုးထားရှိမှု၊ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်းသီးသန့် စိုက်ခင်းနှင့် ရော်ဘာပျိုးပင်စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm