မိတ္ထီလာ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားဖွင့်ပွဲကို ဒီဇင်ဘာ ၂၉ ရက်က အဆိုပါတံတားမုခ်ဦး၌ ကျင်းပသည်။
တံတားဖွင့်ပွဲတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာစေရေးအတွက် ဦးစားပေးဆောင်ရွက်ရာတွင် ပထဝီအနေအထားအရ အတားအဆီးများဖြစ်သည့် မြစ်ချောင်းများတွင် တံတားများတည်ဆောက်ပေးခြင်း၊ မြို့ပြနှင့် ကျေးလက်လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ပေးခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သံကူကွန်ကရစ်တံတားကြီးကြောင့် အိုင့်နှင့် သနပ်အိုင့်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အနီးအနားကျေးရွာများမှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားကာ အိုင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ တံတားတည်ဆောက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အိုင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က တံတားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၈၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ် မေ ၁၅ ရက်က စတင်တည်ဆောက်ခဲ့ပြီး အရှည် ပေ ၁၅၀၊ ယာဉ်သွားလမ်းအကျယ် ပေ ၂၀ ရှိ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ ဘိုးပိုင်ဖောင်ဒေးရှင်း အမျိုးအစားနှင့်ကိုယ်ထည်အပိုင်းမှာ သံကူကွန်ကရစ်ရက်မ (RCC Girder) နှင့် သံကူကွန်ကရစ်ကြမ်းခင်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတားခံနိုင်ဝန် ခွင့်ပြုတန်ချိန်မှာ ၃၆ တန် ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်