Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


29 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် ဝဲကြီးကျေးရွာနှင့် ကွေ့ကြီးကျေးရွာတို့တွင် သမဝါယမလုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၌ ဝဲကြီးကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက အသင်းသား ဦးရေ ၆၄ ဦး၏ စိုက်ပျိုးမြေဧက ၂၅၀ ကျော်တွင် မိုးစပါးစိုက်ပျိုးခဲ့မှုနှင့် အထွက်နှုန်းကိစ္စရပ်များ၊ လက်ရှိ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ဂေါ်ဖီ၊ ငရုတ်၊ ခရမ်း၊ ပြောင်း စိုက်ပျိုးရေး လုပ်ငန်းများ အခြေအနေများအားလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ပေးပြီးဖြစ်၍ ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရေးအတွက် ရေသုံးစွဲသူ အစုအဖွဲ့များအား စနစ်တကျဖွဲ့စည်း၍ ရန်ပုံငွေများ ကောက်ခံ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများ သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးရေအတွက် ကုန်ကျမှုအပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုး အမြတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး ဆောင်ရွက်ခဲ့မှု ထိရောက်အကျိုးရှိ မှာဖြစ်ကြောင်း၊ မည့်သည့် သီးနှံ အမျိုးအစားကိုမဆို လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်မှ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှာဖြစ်ကြောင်း၊ ထွက်ရှိ လာသော သီးနှံများအား တောင်သူများကိုယ်တိုင် ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် အသင်းသားတောင်သူများစိုက်ပျိုး ထားသော ပြောင်း၊ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ဂေါ်ဖီစိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေး နှင့်အထွေထွေသမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးပြီးဖြစ်၍ အသင်းသားတောင်သူများအနေဖြင့် လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများ စနစ်တကျကောက်ခံ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက် သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ရရှိနိုင်မှာ ဖြစ်ပြီး တစ်မိသားစုချင်းဝင်ငွေများ တိုးပွားလာမှာဖြစ်ကြောင် ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြောင်း၊ ပန်းပွင့်ဖြူ၊ ပန်းစိမ်း၊ ကြက်သွန်၊ ခရမ်းချဉ် သီးနှံများစိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm