နေပြည်တော် ဒီဇင်ဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုးတို့သည် ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာ နှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည့် ဇေယျာသီရိမြို့နယ် ရှားစေးဖို ကျေးရွာ၊ ကျေးရွာဘက်စုံသုံးခန်းမ၌ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော မိုးစပါးအထွက်နှုန်း ကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့် ညီမျှသောငွေအတွက် သီးနှံပြန်ရောင်း၍ ပြန်လည် ပေးသွင်းမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေ ရရှိရေး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးပြီးဖြစ်၍ လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရေသုံးစွဲသူများအစုအဖွဲ့ များအား စနစ်ကျဖွဲ့စည်း၍ ရန်ပုံငွေများကောက်ခံ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီး နှင့် ရေတင်စိုက်ပျိုးခြင်းဖြစ်၍ သတ်မှတ်မီတာခ ကုန်ကျငွေများကို တောင်သူများမှ ကျခံရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက်သီးနှံများ သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးရေအတွက် ကုန်ကျမှုအပေါ် သီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး ဆောင်ရွက်ခဲ့မှု ထိရောက်အကျိုးရှိ မှာဖြစ်ကြောင်း၊ အကျိုးအမြတ်များ ရရှိနိုင်မည့် ဈေးကွက်ဝင် စပါးမျိုးကောင်းမျိုးသန့်များနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ရေမီတာခများ ကျခံဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် ရေများအလေအလွင့် မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ချိတ်ဆက်၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးရန်နှင့် တောင်သူများကိုယ်တိုင် လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်း၍ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့် စပါးမျိုး များကို စုပေါင်းစိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှ သာလျှင် တောင်သူများဝင်ငွေတိုးပွားနိုင်မှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်များအတိုင်း လိုက်နာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သမဝါယမ အသင်းသားတောင်သူများအတွက် ဆောင်းဆီထွက်သီးနှံ နှမ်း၊ မြေပဲ၊ နေကြာနှင့် နွေစပါးများ စိုက်ပျိုးနိုင်ရေး မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် သွင်းအားစုများအား အချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့်လျှပ်စစ်မီတာခများကို အပြေအကြေ ပေးသွားကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေကျပ် ၅၅ သိန်း ကျော်ဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှုနှင့် ရေသန့်စင်စနစ် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ရှားစေးဖိုကျေးရွာ၌ ဆင်သေချောင်းယာယီ ချောင်းပိတ်ပြီး လျှပ်စစ် ရေတင်လုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာ၊ သာယာအေးကျေးရွာတို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်းယာယီရေထိန်းဆည် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သမဝါယမအသင်းသား တောင်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးဖြစ်၍ လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရေသုံးစွဲသူ အစုအဖွဲ့များအား စနစ်ကျဖွဲ့စည်း၍ ရန်ပုံငွေများကောက်ခံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီးနှင့် ရေတင် စိုက်ပျိုးခြင်းဖြစ်၍ သတ်မှတ်မီတာခ ကုန်ကျငွေများကို တောင်သူများမှ ကျခံရမှာဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက်သီးနှံများ သီးထပ်(၃)သီး အမှန် တကယ် စိုက်ပျိုးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးရေ အတွက် ကုန်ကျမှုအပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းအတွက် ထိရောက်အကျိုးရှိမှာဖြစ်ကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရမည် ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း စည်းရုံးဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ဆွေးနွေးပြော ကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။