ဘားအံ ဒီဇင်ဘာ ၂၇
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသော ကော့ကရိတ်မြို့နယ် ကော့ပလံ-ကော့ရေခါးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ၂၇ ရက် နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အာရှလမ်းမကြီးသို့ ချိတ်ဆက်ထား
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ထီလုံ- တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းမှတစ်ဆင့် ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးသို့ ချိတ်ဆက်ထားသော လမ်းတစ်လမ်းဖြစ်သည့်အတွက် နယ်စပ်မြို့ဖြစ်သော မြဝတီမြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်ကာ ကရင်ပြည်နယ်၏ ခရိုင်ချင်းဆက်လမ်းမကြီးဖြစ်သော ကျော့ရွာ-ဝင်းစိန်-ဒေါ်လမ်းလမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေး သွင်းကုန်/ထုတ်ကုန်များ အလွယ်တကူသယ်ယူတင်ပို့နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များ ကောင်းမွန်တိုးတက်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး မြန်ဆန်ချောမွေ့ လွယ်ကူစေခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ကော့ပလံ-ကော့ရေခါး လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ကွန်ကရစ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။
ယနေ့ ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ ၁၄ ပေ အကျယ် ကွန်ကရစ်လမ်း ၁ မိုင် ၁ ဖာလုံအား တင်ဒါအောင်မြင် ငွေကျပ် ၅၅၅ ဒသမ ၈၅၄ သန်းဖြင့် ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာခြောက်ရွာကို အကျိုးပြု စေမည်ဖြစ်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကော့ပလံ-နောင်ဟင်လမ်းပေါ်တွင် ပေ ၁၂ဝ ကွန်ကရစ်တံတားတစ်စင်း၊ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် ကော့ပလံ-နောင်ဟင်-ကော့ရေခါး လမ်းအား မြေသားလမ်းတစ်ပိုင်းနှင့် ကော့ပလံ- ခနိမ်းဖော်လမ်းအား ကတ္တရာလမ်းတစ်မိုင်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘုရားကုန်း-မွန်စုလမ်းအား ကွန်ကရစ်တစ်မိုင် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ခနိမ်းဖော်-ကော့ပလံ-ကော့ရေခါး-နောင်ဟင်-မွန်စု- ဘုရားကုန်းလမ်း တစ်လမ်းလုံး ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်